ကမ္ဘာတလွှား နေရာတော်တော်များမှာ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချလာတဲ့နည်းတူ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ နယူးယောက်မှာလည်း ပလတ်စတစ်သုံးစွဲမှုကို တားမြစ်လိုက်ပါပြီ။ ဒါဟာ ကယ်လီဖိုးနီးယား ပြီးရင် ပလတ်စတစ် သုံးစွဲမှုကို တားမြစ်လိုက်တဲ့ ဒုတိယမြောက်မြို့ကြီးလည်း ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်တွေအရ နယူးယောက်မြို့ကြီးမှာနေထိုင်တဲ့ မြို့သားတွေ ပလတ်စတစ်သုံးစွဲမှုဟာ နှစ်စဉ် ၂၃ ဘီလီယံကျော် ပမာဏရှိတယ်လို့ ပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေးသမားတွေက ခန့်မှန်းကြပါတယ်။ ဒီပမာဏကို လျှော့ချပြစ်ဖို့အတွက် နယူးယောက်ရဲ့ ဥပဒေပြုသမားတွေက တခါသုံး ပလတ်စတစ်အိတ် အသုံးပြုနေတဲ့ ဈေးဆိုင်တွေကို တားမြစ်ပိတ်ပင်ခဲ့တာပါ။
အဆိုပါ အကြံဉာဏ်ကို စတင် အကောင်ထည်ဖော်သူကတော့ နယူးယောက်မြို့တော်ဝန် အန်ဒရူး အမ်ကူမို ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပလတ်စတစ်အသုံးပြုမှုကို စတင်ပိတ်ပင်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ပြီးရင် ဒုတိယမြောက်အဖြစ် အကောင်အထည် ဖော်ဆောင်ခဲ့တာပါ။
ပလတ်စတစ် တားမြစ်ပိတ်ပင်မှုမှာ ဟာဝိုင်အီပါ အကျုံးဝင်မှာဖြစ်ပြီး မတ်လက စတင်ပြီး ဥပဒေ သက်ရောက်ခဲ့ပါတယ်။ အဆိုပါ ဥပဒေအရ ကုန်စုံဆိုင်တွေဟာ ဈေးဝယ်သူတွေကို တခါသုံး ပလတ်စတစ်တွေနဲ့ ထည့်ရောင်းခွင့် မရှိတော့ပါဘူး။
အခုလို တားမြစ်လိုက်တဲ့အတွက် ပလတ်စတစ် အစားထိုး အိတ်သုံးစွဲမှု ပိုမိုတွင်ကျယ်လာမှာ ဖြစ်သလို ပြည်နယ် အသုံးစရိတ်ကိုပါ ချွေတာရာရောက်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ပလတ်စတစ် အစားထိုး စက္ကူအိတ်တွေအတွက် ကန်ဒေါ်လာ ၅ ဆင့်ကောက်ခံပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားဦးမှာပါ။
ပလတ်စတစ် လျှော့ချရေးဥပဒေဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းကို မစ္စတာ ကူမိုက “ပလတ်စတစ်တွေက ပတ်ဝန်းကျင် ညစ်ညမ်းစေရုံမကဘဲ ရေမြောင်းတွေဆိုလည်း ပိတ်ကုန်တယ်။ ကျနော်တို့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ထားရှိခဲ့ရမယ့် သဘာဝအရင်းမြစ်တွေ အလဟဿ ကုန်ခမ်းသွားတာမျိုး မဖြစ်စေချင်ဘူး” လို့ ဆိုပါတယ်။
နယူးယောက်မြို့ကြီးလိုနေရာမှာ ပလတ်စတစ် လျှော့ချရေးကို ဦးဆောင်ပြီးဆောင်ရွက်နေတာမို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ ဟာဝိုင်အီက ဥပဒေပြုသူတွေကလည်း ပလတ်စတစ် အများဆုံးထွက်ရှိတဲ့ စားသောက်ဆိုင်တွေကနေစပြီး လျှော့ချသွားဖို့ စီစဉ်ထားပါတယ်။ ဒီ့ပြင် မာရီလန်းပြည်နယ်ကလည်း ပထမဆုံးအဖြစ် Polystyrene နဲ့ ပြုလုပ်ထားတဲ့ အစားအသောက်ထည့်တဲ့ ဘူးတွေကို သုံးစွဲခွင့် ပိတ်ပင်လိုက်တဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။
Ref: Healthy Food House