ပြီးခဲတဲ့ ကြာသပတေးနေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttar Pradesh ပြည်နယ် Bulandsahr မှာကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ ဒုတိယအဆင့် မဲပေးရွေးချယ်မှုမှာ Pawan Kumar ဆိုတဲ့ အိန္ဒိယနိုင်ငံသားတဦးဟာ နိုင်ငံရေးပါတီတခုကို မှားယွင်းမဲပေးမိခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး မှားယွင်းမဲပေးခဲ့မိတာကို သိလိုက်တဲ့အချိန်မှာ Pawan ဟာ သူ့လက်ကို သူကိုယ်တိုင် ဖြတ်ပစ်ခဲ့တဲ့ ဖြစ်ရပ်ဟာလည်း လတ်တလောမှာတော့ လူမှုကွန်ရက်မှာ ဟိုးလေးတကျော် ပျံ့နှံ့နေတာပါ။
သူတကယ်မဲပေးချင်တာက ဒေသခံပါတီတခုဖြစ်ပြီး အခုသူမှားယွင်းပြီး မဲပေးလိုက်တဲ့ပါတီကတော့ Bharatiya Janata Party (BJP) ဆိုတဲ့ ပါတီပဲ ဖြစ်ပါတယ်။ “ရုတ်တရက်ဆိုသလို ဘယ်လိုမှားယွင်းပြီး မဲပေးသွားမိလဲဆိုတာကို မသိနိုင်အောင်ပါပဲ။ ကျနော်တကယ် မဲပေးချင်တာက တပါတီ၊ မဲထည့်လိုက်မိတာက တပါတီ ၊ ကျနော် တကယ်မဲပေးချင်တာက ဆင်ပုံတံဆိပ်နဲ့ ပါတီ၊ တကယ်မဲပေးမိသွားတာက ကြာပန်းပုံ ဖြစ်သွားတာပါ”
“အဲ့ဒီလိုမျိုး ဖြစ်သွားတာကို သိသိချင်းမှာပဲ ဘယ်လိုမှ ပြောမပြတတ်အောင်ကို ခံစားသွားရတယ်။ နောက်ပြီး ပါတီသင်္ကေတတွေကလည်း ရှုပ်ထွေးနေတော့ အခုလိုမျိုး ဖြစ်သွားခဲ့တာပါ” လို့ Pawan က ဆိုပါတယ်။ Pawan မဲမှားပေးခဲ့မိတဲ့ BJP ပါတီရဲ့သင်္ကေတဟာ ကြာပန်းပုံ ဖြစ်ပြီး သူတကယ်မဲပေးချင်တဲ့ BSP ပါတီရဲ့ သင်္ကေတကတော့ ဆင်ပုံဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးပါတီ အမှတ်တံဆိပ်တွေဟာ တခုနဲ့တခု ဆင်တူရိုးမှားတွေ ဖြစ်နေတာကြောင့် မကြာခဏဆိုသလို ဒီလို မှားယွင်းမဲပေးမိတဲ့ ပြသနာတွေက ဖြစ်ပေါ်လေ့ရှိတယ်လို့ မဲရုံတာဝန်ရှိသူတဦးက ဆိုပါတယ်။
များပြားလှတဲ့ သင်္ကေတတွေကြောင့် မှားယွင်းမဲပေးမိတဲ့သူတွေ ရှိပေမယ့် ဒီလိုမျိုး ကိုယ့်လက်ကိုယ် ဖြတ်လိုက်တဲ့အထိ ဖြစ်ရတဲ့ဖြစ်ရပ်မျိုးကတော့ သူတဦးတည်းသာ ရှိတယ်လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။ မဲပေးသူတိုင်းရဲ့ လက်ညှိးကို လျှို့ဝှက်မဲပေးအပြီးမှာ လက်ညှိုးကို မင်နဲ့သုတ်ပြီး အမှတ်အသားပြုလုပ်ပေးခဲ့တာဖြစ်ပြီး Pawan ကတော့ အခုလို မဲမှားပေးမိတာကြောင့် သူ့လက်ညှိးကိုသူ ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ ဒီရွေးကောက်ပွဲဟာဆိုရင် မဲပေးနိုင်သူပေါင်း သန်း ၉၀၀ ကျော်ခန့်ရှိတာကြောင့် ကမ္ဘာအကြီးဆုံံး ရွေးကောက်ပွဲတခုလို့လည်း ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ ဒီရွေးကောက်ပွဲဟာဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ ဒေသခံပါတီတွေအတွက် အရေးကြီးတဲ့ ရွေးကောက်ပွဲတခုဖြစ်ပြီး မေလ ၂၃ ရက်နေ့မှာ မဲတွေကို ရေတွက်သွားမှာပဲ ဖြစ်ပါတယ်။
Ref. www.bbc.com