Trend

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ပလတ်စတစ်တွေနဲ့ အိမ်ဆောက်တဲ့ အမျိုးသား

ကမ္ဘာကြီးပူနွေးလာမှုတွေကို ထိန်းသိမ်းဖို့ အတွက် လူတွေဟာ တတ်နိုင်သလောက်ပြန်ပြီး ကြိုးပမ်းနေကြပါတယ်။ လူသားတွေကြောင့်ပဲ ကမ္ဘာဟာ အမှိုက်ပုံသာသာ ဖြစ်နေခဲ့တာ ကြာပါပြီ။ ပလတ်စတစ်တွေက ကမ္ဘာကြီးကို ညစ်ညမ်းစေတဲ့ အဓိက အရာတခုဆိုလည်း မှားမယ်မထင်ပါဘူး။ ဒါပေမယ့် စွန့်ပစ်ပစ္စည်းဖြစ်နေတဲ့ ပလတ်စတစ်ကို အသုံးပြုပြီး လုပ်လို့ ရတာတွေ အများကြီး ရှိနေပါတယ်။

ကနေဒါနိုင်ငံသား လုပ်ငန်းရှင်တဦးဖြစ်တဲ့ Robert Bezeau ဟာ သူ့အနားမှာ အမြဲမြင်နေရတဲ့ ပလတ်စတစ်ဘူးတွေကို အသုံးပြုဖို့ နည်းလမ်းတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ပလတ်စတစ်ဘူးတွေနဲ့ အဆောက်အဦတွေ ဆောက်ဖို့ပါပဲ။ ဒါကြောင့် သူဟာ ပနားမားကို ပြောင်းရွေ့ပြီး ပလတ်စတစ်တွေနဲ့ ဆောက်လုပ်ထားတဲ့ ရွာတခုကို စတင်တည်ဆောက်ခဲ့ပါတယ်။

ဒီလို ပလတ်စတစ်ကို သုံးပြီး အဆောက်အဦဆောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြေကမ္ဘာပေါ်မှာ အမှိုက်ဖြစ်နေတဲ့ အရာတွေကို ပြန်လည်အသုံးချဖို့ ဖြစ်တယ်လို့ သူကဆိုပါတယ်။

သူဟာ ပလတ်စတစ်တွေကို အသုံးပြုပြီး အိမ်၊ ခြံ၊ ရေကူးကန်၊ ရေလှောင်ကန်၊ ဂိုဒေါင်၊ စပါးကျီ နဲ့ လမ်း စတာတွေကို ဆောက်လုပ်ခဲ့ပါတယ်။ အဲဒီလို ပလတ်စတစ်ကို အသုံးပြုပြီး ဆောက်လုပ်နေတဲ့ အချိန်မှာတော့ အိမ်တွေဟာ ကြည့်ရဆိုးနေတယ်ဆိုပေမယ့် ဆောက်ပြီးသွားတဲ့ အခါ သာမန်အိမ်တွေလိုပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

သူ ဆောက်လုပ်ခဲ့တဲ့ အိမ်တွေကို ဆောက်နေစဉ်နဲ့ ဆောက်လုပ်ပြီး ဓာတ်ပုံတွေ ရိုက်ကူးပြီး လူမှုကွန်ရက် စာမျက်နှာမှာ တင်တဲ့ အခါ သဘောကျသူတွေ များပြားပြီး အိမ်ဆောက်လုပ်ဖို့ ငှားရမ်းသူတွေပါ ရှိလာပါတယ်။

သူတည်ဆောက်ထားတဲ့ အိမ်တွေကိုလည်း ရောင်းချနေပြီး တအိမ်ကို အမေရိကန် ဒေါ်လာ ၁သောင်း ၉ထောင်ခန့် ကျသင့်မယ်လို့ သိရပါတယ်။

Ref; .boredpanda.com

Loading