အခုမြင်ရတဲ့ ဓာတ်ပုံမှာတော့ ဂေါ်ရီလာ မျောက်ဝံနှစ်ကောင်ဟာ လူတွေ ဓာတ်ပုံရိုက်တဲ့အခါ ပြုမူသလို ကိုယ်နေဟန်ထားအတိုင်း ဓာတ်ပုံရိုက်ခံနေတာကို တွေ့မြင်ကြရတာပါ။ ဒီဓာတ်ပုံကိုတော့ Congo နိုင်ငံရဲ့ Virunga အမျိုးသားဥယျာဉ်ထဲမှာ ရိုက်ကူးထားတာဖြစ်ပြီး Instagram နဲ့ Facebook စာမျက်နှာတွေမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံကို ရိုက်ကူးခဲ့သူကတော့ ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်သူတဦးဖြစ်တဲ့ Mathieu Shamavu ဖြစ်ပြီး သူလမ်းလျှောက်ထွက်ချိန်မှာ အခုလိုရိုက်ကူးခဲ့တာလို့ ဆိုပါတယ်။ ဂေါ်ရီလာတွေဟာ စူးစမ်းတတ်ကြပြီး သူတို့ရဲ့လေ့လာနိုင်စွမ်းပေါ်မူတည်ကာ အသိဉာဏ်ဖွံ့ဖြိုးကြတဲ့ သတ္တဝါလည်း ဖြစ်ပါတယ်။
“ဘာတွေဖြစ်နေလဲဆိုတာကို သိရဖို့ သူတို့မတ်တပ် ထရပ်တယ်။ အဲဒါနဲ့ ကျနော်လည်း ဖုန်းကို ထုတ်လိုက်ပြီး ဒီထူးခြားတဲ့ အခိုက်အတန့်ကို မှတ်တမ်းတင်လိုက်နိုင်ပါတယ်” လို့ Mathieu Shamavu က အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
ဂေါ်ရီလာမျောက်ဝံ နှစ်ကောင်လုံးဟာ အမတွေ ဖြစ်ကြပြီး သူတို့နာမည်တွေကတော့ Ndakazi နဲ့ Ndeze တို့ပဲ ဖြစ်ပါတယ်။ Senkwekwe ဌာနရဲ့ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ အရွယ်ရောက်လာခဲ့ကြတာဖြစ်ပြီး ၂၀၀၇ ခုနှစ်လောက်ကတည်းက ကယ်ဆယ်စောင့်ရှောက်ခဲ့တာပါ။ ဥယျာဉ်ကတော့ အာဖရိကရဲ့ အလယ်ဗဟိုတည့်တည့် မီးတောင်တောင်တန်းတွေမှာ တည်ရှိတာဖြစ်ပြီး တောင်တန်းတွေဟာ ဂေါ်ရီလာတွေ ကျက်စားနေထိုင်ရာလည်း ဖြစ်ပါတယ်။
အဲဒီတောင်တန်းတွေမှာ နေထိုင်ကျက်စားကြတဲ့ ဂေါ်ရီလာတွေနဲ့ တခြားသော ရှားပါးမျိုးစိတ် အနွယ်ဝင် တိရစ္ဆာန်တွေဟာ တရားမဝင် ခိုးယူဖမ်းဆီးမှုတွေကြောင့် အန ္တရာယ်ကြုံတွေ့နေကြရတယ်လို့လည်း သိရပါတယ်။
“ကျနော်နဲ့ သူတို့ဟာ အမြဲလိုလို တပူးတတွဲတွဲ ရှိနေတာပါ။ သူတို့ကို အစာကျွေးတယ်၊ သူတို့နဲ့အတူ လမ်းလျှောက်တယ်။ သူတို့ရဲ့စောင့်ရှောက်သူအနေနဲ့ သူတို့က သိထားတာကြောင့် ဒီလိုမျိုး ဓာတ်ပုံ တွဲရိုက်ခံတာလို့ ထင်ပြီး တခြားသော လာရောက် လည်ပတ်သူတွေကိုတော့ အခုလို ဓာတ်ပုံတွဲရိုက်ခံမယ်လို့ မထင်ပါဘူး”လို့ Mathieu Shamavu က ဆိုပါတယ်။
ဒီဥယျာဉ်ဟာ လွန်ခဲ့တဲ့တနှစ်က လက်နက်ကိုင်အဖွဲ့တဖွဲ့ရဲ့ နိုင်ငံခြားသားတယောက်ကို ပြန်ပေးဆွဲမှုနဲ့ အစောင့်တပ်သားကို ပစ်သတ်မှုတို့ကြောင့် ပိတ်ထားခဲ့ရတာဖြစ်ပြီး အခုနှစ် ဖေဖော်ဝါရီလမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။
Ref. www.reuters.com