ရာသီဥတုဖောက်ပြန်မှုကြောင့် ပင်ဂွင်းငှက်တို့နယ်မြေ ပျောက်ကွယ်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရ
ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကျိုးဆက်အဖြစ် ရာသီဥတုဖျောက်ပြန်မှုတွေကြောင့် ပင်ဂွင်းငှက်တွေထဲမှာ ကိုယ် ခန္ဓာအကြီးဆုံးနဲ့ အရပ်ရှည်ဆုံးမျိုးနွယ် ပင်ဂွင်းတွေရဲ့ နယ်မြေပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ လေ့ လာရေးစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။ အဆိုပါအစီရင်ခံစာကို လေ့လာခဲ့သူတွေကတော့ ဗြိတိသျှ တောင်ဝန်ရိုးစွန်းဒေသ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကြီးက သုတေသီတွေပဲဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ကတိုက်ခိုက်ခဲ့တဲ့ မုန်တိုင်းဒဏ်ကြောင့် တောင်ဝန်ရိုးစွန်းဒေသမှာရှိတဲ့ ပင်ဂွင်းနယ်မြေက ရေခဲတုံးကြီးပဲ့ထွက်သွားပြီး အကောင်ပေါက်အများအပြား ရေနစ်သေဆုံးခဲ့ကြသလို၊ ၂၀၁၉ ခုနှစ်မှာလည်း အဆိုပါ ရေခဲတုံးကြီးဟာ ရာသီဥတုပူနွေးမှုတွေကြောင့် အရည်ပျော်လာပြီး ပင်ဂွင်းတို့နယ်မြေလည်း ပျောက် ကွယ်လာပြီလို့ ဆိုပါတယ်။
“တောင်ဝန်ရိုးစွန်းဒေသက Weddell ပင်လယ်ထဲမှာရှိတဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံး ပင်ဂွင်းတို့ ပျော်စံ ရာနယ်မြေ ဟယ်လေဘေးမှာ အကောင်ရေပေါက်ဖွားနှုန်း သိသိသာသာ ကျဆင်းသွားတာ ၃ နှစ်လောက်ရှိပြီ။ အခုဆို ဒီနယ်မြေကြီးက ပျောက်ကွယ်လုနီးပါး ဖြစ်လာပြီ” လို့ အစီရင်ခံစာရေးသားသူတွေထဲကတဦးဖြစ်တဲ့ ပီတာ ဖရက်ဝဲလ်က ဆိုပါတယ်။
ဒီအကောင်ကြီး ပင်ဂွင်းမျိုးနွယ်ငှက်တွေဟာ အကောာင်ပေါက်ဖွားဖို့အတွက် ဧပြီလဆိုရောက်လာတတ်ကြပြီး အ ကောင်ပေါက်လေးတွေ ရှင်သန်နိုင်လောက်တဲ့အရွယ် ဒီဇင်ဘာလလောက်ထိ သူတို့ပေါက်ဖွားရာနယ်မြေရဲ့ ရေခဲတုံးကြီးတွေ တည်ရှိနေဖို့လိုအပ်ပါတယ်။
ဒါပေမယ့်လည်း အကောင်ကြီးဆုံးပင်ဂွင်းငှက်တို့ပေါက်ဖွားရာ ဟယ်လေဘေးကတော့ ၂၀၁၇ ခုနှစ်မှာ မုန်တိုင်း ထပ်မံ ကျရောက်ခဲ့သလို ၂၀၁၈ မှာပါ ဆက်တိုက်ကျရောက်ခဲ့တဲ့မုန်တိုင်းဘေးဒဏ်တွေကြောင့် အကောင်အကြီးဆုံးပင်ဂွင်း အကောင်ပေါက်တွေ သေဆုံးခဲ့ရပြန်ပါတယ်။
ဗြိတိသျှသုတေသီအဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာ အဆိုပါပင်ဂွင်းနယ်မြေဟာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက် အတွင်းမှာ အကောင်ပေါက်များရှင်သန်နိုင်တဲ့ အခြေအနေမျိုးရှိခဲ့ပြီး မကြာခင်ကာလမှာတော့ မုန်တိုင်းဒဏ် ကြောင့် သေဆုံးခဲ့ရလို့ နှစ်စဉ်ပင်ဂွင်းပေါက်ဖွားနှုန်း ၅ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းထိ ကျဆင်းသွား တယ်လို့ ဖော်ပြထားပါတယ်။
ရာသီဥတုဖောက်ပြန်မှု အကျိုးဆက်ကြောင့် အကောင်ကြီးဆုံးပင်ဂွင်းငှက်များ ပေါက်ဖွားရာနယ်မြေဝန်းကျင်အခြေအနေ ဆိုးရွားရာက ပြန်လည်ကောင်းမွန်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ အတိအကျဖြေနိုင်ဖို့ ခက်ခဲနေသေး ကြောင်းနဲ့ ဒီလိုအခြေအနေဆိုးမျိုးကိုလည်း တခါမှမကြုံးဖူးသေးကြောင်း ပင်ဂွင်းငှက်ကျွမ်းကျင်ပညာရှင် ဖေးလ် ထရာသန်က ဆိုပါတယ်။
ဆက်တိုက်နီးပါးကျဆင်းလာတဲ့နှုန်းကြောင့် ၂၁ ရာစုမကုန်ခင်မှာ ပင်ဂွင်းကောင်ရေဟာ ၅၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းထိ လျော့နည်းသွားလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲမြစ်များအရည်ပျော်ကာ ရာသီဥတုဖောက်ပြန်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းကောင်းအနေနဲ့တော့ ဟယ်လေဘေး အနီးနားမှာရှိတဲ့ နောက်ထပ် ဒေါ်ဆန် လန်ဘ်တွန်နယ်မြေမှာ တော့ ပေါက်ဖွားနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါဟာ အခြေအနေဆိုးနေတဲ့ ဟယ်လေဘေးနယ်မြေ ကနေ အရွယ်ရောက် အကောင်ကြီးပင်ဂွင်းတွေပြောင်းရွှေ့သွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
Ref: CNN