Trend

လေယာဉ်ဟောင်းကို ဝယ်ယူပြီး အိမ်အဖြစ် ပြုလုပ်နေထိုင်နေတဲ့ အမျိုးသား

Bruce Campbell လို့ အမည်ရတဲ့ အမျိုးသားတဦးဟာ လေယာဉ်တစီးကို ဝယ်ယူပြီး အိမ်အဖြစ်ပြောင်းလဲ နေထိုင်နေသူဖြစ်ပါတယ်။ လျှပ်စစ်အင်ဂျင်နီယာဟောင်း တဦးဖြစ်တဲ့ သူဟာ အမေရိကန် ဒေါ်လာ ၂ သိန်း ၂ သောင်း ကုန်ကျခံပြီး Boeing 727 ကို ဝယ်ယူခဲ့တာလို့ သိရပါတယ်။

ဒီလေယာဉ်ကို ၁၀ ဧက ကျယ်ဝန်းတဲ့ ခြံမှာ ထည့်ထားပြီး အိမ်ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ အဲဒီခြံကို သူဟာ သူ့အသက် ၂၀ ကျော်မှာ ဝယ်ခဲ့တာဖြစ်ပြီး အမေရိကန် ဒေါ်လာ ၂သောင်း ၃ထောင်ခန့် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ခြံဝန်းအကျယ်ကြီးရဲ့ အလှကို မဖျက်လိုတာကြောင့် အိမ်တွေမဆောက်ဘဲ လေယာဉ်ဟောင်းတစီး ဝယ်ပြီး အိမ်အဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ရှိတဲ့ ခရီးသည် ထိုင်ခုံတွေအားလုံးကို ဖြုတ်လိုက်ပြီး အတွင်းနေရာ ကျယ်အောင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ လျှောက်လမ်းတွေမှာ မှန်ကို ခင်းထားပြီး အိမ်ကို လာလည်တဲ့ ဧည့်သည်တွေကို ညှပ်ဖိနပ်ပြောင်းစီးရမယ် ဆိုတဲ့ စည်းမျဉ်းထုတ်ထားပါတယ်။

သူဟာ ဂျပန်မှာ နေခဲ့ဖူးတာကြောင့် ဖိနပ်ပြောင်းစီးတဲ့ အလေ့အကျင့်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၀ ဧကကျယ်တဲ့ ခြံဝန်းကြီးထဲက ဖုန်တွေ လေယာဉ်အိမ်ထဲ မဝင်အောင် ဒီလို ဖိနပ် လဲစီးခိုင်းတာလည်း ဖြစ်ပါတယ်။

သူဟာ ဒီလေယာဉ်အိမ်မှာ တနှစ်ကို ၆ လ နေလေ့ရှိပြီး ကျန်တဲ့ ၆လကိုတော့ ဂျပန်နိုင်ငံမှာ နေလေ့ရှိပါတယ်။ ဂျပန်နိုင်ငံကို သွားနေတဲ့ ၆ လ အတွင်းမှာလည်း လေယာဉ်အိမ်နဲ့ နေနိုင်ဖို့ အတွက် လေယာဉ်အဟောင်း တစီး ထပ်ဝယ်ဖို့ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။

“ဘယ်သူ့ကိုမှ စော်ကားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သစ်သားနဲ့ ဆောက်ထားတဲ့ အိမ်တွေဟာ ကျနော့် အတွက်တော့ ကြည့်ရဆိုးလွန်းပါတယ်။ လေယာဉ်တွေဟာ ထုထည်ခိုင်မာလွန်းတာကြောင့် ရာသီဥတုဒဏ်တွေကို ကောင်းကောင်းခံနိုင်ပါတယ်။ လုံခြုံမှုလည်း ပိုပြီး ရှိတာကြောင့် ကျနော်ကတော့ လေယာဉ်ကို အိမ်အဖြစ်ပြောင်းပြီး နေရတာကို အရမ်းသဘောကျပါတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါသေးတယ်။

Ref; businessinsider

Loading