အလှကုန်ပစ္စည်းရေစီးကြောင်းမှာ BB ခရင်မ်၊ ဂျယ်လီ Cleanser တွေကြောင့် နာမည်ကြီးနေတဲ့ ကိုရီးယား နိုင်ငံထုတ်အလှကုန် (K-Beauty) ၊ Essence တွေကြောင့် ပေါ်ပြူလာဖြစ်နေတဲ့ ဂျပန်နိုင်ငံထုတ်အလှကုန် (J-Beauty) တွေလို နောက်ထပ် တခေတ်ဆန်းစေမှာကတော့ သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ဂျာမနီနိုင်ငံထုတ် အလှကုန် (G-Beauty) တွေပါလို့ မှတ်ချက်ပြုခံထားရပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက ဂျာမနီနိုင်ငံထုတ် အလှကုန်တွေဟာ တဖြည်းဖြည်းနဲ့ အလှကုန် ပစ္စည်းကောင်တာတွေမှာ နေရာဝင်ယူနေပါပြီ။ ဒါပေမယ့်လည်း ခေတ်စားနေတဲ့ K-Beauty တွေလို နိုင်ငံတကာ ဈေးကွက်ကိုထိုးဖောက်ဖို့ ကိုရီးယားအစိုးရလို ဂျာမန်အစိုးရဘက်က အားပေးမှုမရှိခဲ့လို့သာ နှောင့်နေးနေရတာပါ။
“ဂျာမန်အလှကုန်ပစ္စည်းတွေဟာ ဥရောပစံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ထားလို့ အသားရေကို ထိခိုက်စေမယ့် အဆိပ်တောက်ကင်းစေတဲ့ အချက်က ကာစတမ်မာတွေ G-Beauty အလှကုန်တွေကို ရွေးချယ်တဲ့အကြောင်း ရင်းပါပဲ” လို့ နယူးယောက်က အလှကုန်ဆိုင်ပိုင်ရှင် ဂျက်ဆီကာ ရစ်ချက်က ဆိုပါတယ်။
နောက်ထပ် ဂျာမန် အလှကုန်တွေရဲ့အားသာချက်ကတော့ တခြားနိုင်ငံထုတ် ပစ္စည်းတွေထက်စာရင် ထုတ်ပိုးမှုပုံစံကအစ ရိုးရိုးရှင်း ရှင်းရှိလို့ မြင်လိုက်တာနဲ့ သိသာထင်ရှားစေတဲ့ အချက်ပါ။
လော့အိန်ဂျလိစ်က အလှကုန်လက်ကား အရောင်းဆိုင်ပိုင်ရှင် ဗိုင်အိုလက်ဂရေးကလည်း “အခုဆိုရင် ဖောက်သည်တွေက ဥပမာ- စူပါမားကတ်မှာ ဟင်းသီးဟင်းရွက်အများကြီးထဲကမှ အောဂဲနစ်ပစ္စည်းပဲ ရွေးဝယ်ကြသလို အလှကုန်ပစ္စည်းချင်း အတူတူဆိုရင်တောင် ဂျာမနီနိုင်ငံထုတ် တံဆိပ်ပါတာပဲ ရွေးဝယ်လာတယ်” လို့ ဆိုပါတယ်။ သူမရဲ့ ဆိုင်မှာ ရောင်းအားအကောင်းဆုံးစာရင်းဝင် အလှကုန်ပစ္စည်းအများစုကလည်း ဂျာမနီနိုင်ငံထုတ် အလှကုန်တွေပဲလို့ ဆိုပါတယ်။
ဂျာမန်အလှကုန်ပစ္စည်းတွေဟာ သဘာဝကရတဲ့ အော်ဂဲနစ်စစ်စစ်ပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတာဖြစ် ပါတယ်။ ရှေးယခင်ကတည်းက သုံးစွဲခဲ့ကြတဲ့ သစ်မြစ်သစ်ဖုတွေကို အသုံးပြုကြတဲ့နည်းကိုအခြေခံကာ ဒီနည်း ပညာကို ဆန်းသစ်ရင်း ဈေးကွက်တင်နိုင်တဲ့အဆင့်ထိ ဖန်တီးလာကြတာပါ။
အမေရိကန်နိုင်ငံ တခုတည်းရဲ့ အလှကုန်ပစ္စည်းဈေးကွက်မှာတင် သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ဂျာမနီနိုင်ငံထုတ် အလှကုန်ပစ္စည်းရောင်းအားက ၁၃ ရာခိုင်နှုန်းလောက် ရှိခဲ့ပါတယ်။ ဒီလိုရောင်းအားတက်စေတဲ့ အချက်ကလည်း ဂျာမန်အလှကုန်တွေရဲ့ ထုတ်ပိုးမှုဟာ ထင်ရှားမြင်သာစေတဲ့အချက်ရယ်၊ ပါဝင်ပစ္စည်းတွေကို ရှင်းလင်းတိကျစွာဖော်ပြထားတာကြောင့်ဖြစ်တယ်လို့ အရေပြားအထူးကုဆရာဝန် တင်မ်က ဆိုပါတယ်။
“ကျနော့်ဆီကို လာပြကြတဲ့လူနာတွေ လိုချင်တဲ့အလှကုန်မျိုးက သုံးလိုက်တာနဲ့ အသားရေပေါ် သိသာရမယ်၊ ဘေးထွက်ဆိုးကျိုးကင်းတာမျိုးကိုပဲ သုံးကြည့်ချင်ကြတာ။ ဒီအချက်တွေနဲ့ အကိုက်ဆုံးကတော့ G-Beauty အလှကုန်တွေပေါ့” လို့ တင်မ်က ဆိုပါတယ်။
ဂျာမန်အလှကုန်ပစ္စည်းတွေက သိပ္ပံနည်းကျ စနစ်တကျစမ်းသပ်ထားလို့ စိတ်ချရတဲ့အပြင် ထုတ်လုပ်ထားတဲ့ နည်းပညာကလည်း ရိုးရှင်းပြီး သုံးစွဲသူတွေအပေါ် သိသိသာသာအကျိုးရှိစေတယ်လို့ ကျွမ်းကျင်သူတွေက မှတ် ချက်ပြုထားပါတယ်။
G-Beauty ထုတ်ကုန်တွေဟာ အရည်အသွေးမြင့် အခြေခံပစ္စည်းတွေကို အသုံးပြုထားလို့ တခြားပစ္စည်းတွေထက်စာရင် ဈေးကြီးပေမယ့်လည်း သုံးစွဲဖူးသူတွေကတော့ အကြိုက်တွေ့လာကြပါပြီ။
Ref: CNA Luxury