ခွဲစိတ်ခန်းဝင်မယ့် အတွေ့အကြုံဟာ အရွယ်ရောက်ပြီးသူတယောက်အတွက်တောင်မှ ခက်ခဲတဲ့ အခြေအနေ တရပ်ဖြစ်ပြီး ကလေးတယောက်အနေနဲ့ဆိုရင်တော့ ပိုလို့ကြောက်ရွံ့စိတ်လှုပ်ရှားစရာ အခြေအနေတခုပဲဖြစ်ပါတယ်။ ကလေးတယောက်အတွက်တော့ ဒီအတွေ့အကြုံဟာဆိုရင် မိဘနဲ့တသီးတခြားဖြစ်နေရတဲ့အပြင် ခွဲစိတ်ခန်းအတွင်းက မရင်းနှီးတဲ့ အနံ့အသက်တွေ၊ တိတ်ဆိတ်မှုတွေနဲ့ မီးရောင်တွေဟာ သူတို့ကို ချောက်ချားတုန်လှုပ်စေပါတယ်။
ဒီလို စိတ်ချောက်ချားတုန်လှုပ်မှုနဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ဖို့အတွက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Modesto မြို့မှာရှိတဲ့ ဆေးရုံက တာဝန်ရှိသူတွေဟာ ခွဲစိတ်ခန်းဝင်ရမယ့် ကလေးငယ်တွေကို အရုပ်ကားလေးတွေ စီးနင်းခွင့်ပေးပြီး စိတ်သက်သာရာရစေခဲ့ပါတယ်။
Doctors Medical Centre က ဆေးရုံအုပ်အပါအဝင် ဆေးရုံဝန်ထမ်းတွေရဲ့ ဒီလိုလုပ်ဆောင်မှုဟာဆိုရင်တော့ ကလေးငယ်တွေအတွက် ခွဲစိတ်ခန်းဆီသွားရာ လမ်းတလျှောက်မှာ ပျော်ပျော်ရွှင်ရွှင်သွားလာစေနိုင်ခဲ့ပါတယ်။ ခွဲစိတ်ခန်းဝင်မယ့် အသက်၂နှစ်ကနေ ၇နှစ်ကြား ကလေးတွေအနေနဲ့ ပန်းရောင် VW Beetle အမျိုးအစားနဲ့ အနက်ရောင် Mercedes ဆိုပြီး အရုပ်ကားတွေကို ရွေးချယ်စီးနင်းနိုင်မှာဖြစ်ပြီး သူတို့ကိုယ်တိုင် ဒါမှမဟုတ် ရီမုနဲ့မောင်းနှင်နိုင်အောင် ဒီဇိုင်းဆွဲထုတ်လုပ်ထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအရုပ်ကားလေးတွေ မောင်းနှင်ရင်း သူတို့ကြိုက်နှစ်သက်တဲ့ သီချင်းအမျိုးအစားပေါင်းများစွာကို ရွေးချယ်နားဆင်နိုင်အောင် ရေဒီယိုတခုလည်း ထည့်သွင်းထားတာလည်းဖြစ်ပါတယ်။
“ကလေးတွေအနေနဲ့ ဒီလိုကားလှလှလေးတွေကို စီးနင်းရတဲ့အတွက် ခွဲစိတ်ခန်းဝင်ဖို့ ကြောက်ရွံ့နေတာတွေကို အတိုင်းအတာတခုအထိ လျှော့ချနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ မိဘတွေအနေနဲ့လည်း ကလေးငယ်တွေ ငိုကြွေးပြီး ခွဲစိတ်ခန်းဝင်ရတဲ့ မြင်ကွင်းကို မြင်ရမယ့်အစား ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်သွားတာကို တွေ့မြင်ရတဲ့အတွက် စိတ်သက်သာရာရစေမှာဖြစ်ပါတယ်”လို့ ဒီစိတ်ကူးကို အကောင်အထည်ဖော်ခဲ့သူ သူနာပြု Kimberly Martinez က CBS နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
Ref. www.boredpanda.com