ပြီးခဲ့တဲ့ ရက်သတ္တပတ်က နော်ဝေးနိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းမှာ ကင်မရာတွေ တပ်ဆင်ထားတဲ့ ဝေလငါး တကောင်ကို တွေ့ရှိခဲ့တာကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ သိရပါတယ်။ ငါးဖမ်းသမားတွေက ကင်မရာတွေပါတဲ့ ကြိုးတွေ တပ်ဆင်ထားတဲ့ ဝေလငါးကို တွေ့ရှိခဲ့တာပါ။
ရေကြောင်းကျွမ်းကျင်သူတွေကတော့ ဒီဝေလငါးဟာ ရုရှားစစ်တပ်က လေ့ကျင့်ပေးထားတဲ့ ဝေလငါး ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။ Joar Hesten လို့ အမည်ရတဲ့ ငါးဖမ်းသမားက ငါးဖမ်းထွက်ရင်း တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဏ္ဏဝါဗေဒ ပညာရှင် ဖြစ်တဲ့ Jorgen Ree Wiig ကတော့ “ဒီဝေလငါးဟာ သူ့ရဲ့ ခန္ဒာကိုယ်မှာ တပ်ဆင်ထားတဲ့ ကြိုးတွေကို ဖြုတ်ပေးဖို့ အကူအညီ တောင်းနေဟန် တူတယ်။ သူ့ကို တပ်ထားပေးတဲ့ ကြိုးက အထူးပြုလုပ်ထားတဲ့ ကြိုးဖြစ်တယ်။ ကင်မရာတွေကိုလည်း တပ်ဆင်ထားတယ်” လို့ CNN သတင်းဌာနကို ပြောပါတယ်။
ဒီဝေလငါးဟာ ရုရှားရေတပ်က လေ့ကျင့်ပေးထားတဲ့ ဝေလငါးဖြစ်နိုင်ပြီး ပျောက်ဆုံးသွားတဲ့ ပစ္စည်းတွေကို ရှာဖွေဖို့နဲ့ လူတွေနဲ့ အတူတူ ရေငုပ်ဖို့ လေ့ကျင့်ပေးထားတာ ဖြစ်နိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ နော်ဝေးနိုင်ငံ ရေသတ္တဝါများ သုသေသန ပြုလုပ်ရေး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တဦးဖြစ်ပြီး ရေနေနို့တိုက်သတ္တဝါ သုသေသနပြုလုပ်သူ Martin Biuw ကလည်း Jorgen Ree Wiig ရဲ့ အဆိုကို ထောက်ခံထားတယ်လို့ ဆိုပါတယ်။
Wiig ရိုက်ကူူးထားတဲ့ ဗီဒီယိုကို ကြည့်ခြင်းအားဖြင့် ဒီ ဝေလငါးဟာ လေ့ကျင့်မှုရှိပြီးသားဆိုတာကို သိနိုင်ပါတယ်။ သူဟာ လှေတွေကို ရှာဖွေတတ်ပြီး လှေတွေ ရှာတွေတဲ့ အချိန်မှာလည်း သူ့ကို အစာကျွေးစေချင်တဲ့ သဘောနဲ့ ပါးစပ်ဟပြီး အစာ တောင်းလေ့ ရှိပါတယ်။
ဒါဟာ သုသေသနပြုလုပ်သူတွေရဲ့ ဝေလငါး မဟုတ်တာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ သုသေသနပြုလုပ်သူတွေဟာ ကြိုးတွေကို တပ်ဆင်ပေးလေ့မရှိပါဘူး လို့ CNN ကို ပြောပါတယ်။ သူတို့ဟာ ဝေလငါးနဲ့ ရင်းနှီးမှုရအောင် ကြိုးစားခဲ့ပြီး ကြိုးကို ဖြုတ်ကာ လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
Ref:CNN