အသက် ၃၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ Anton Savchuk ရဲ့ ရိုးစင်းတဲ့ အလုပ်လေးတခုကတော့ အသက်အရွယ်အရ အိုမင်းလာပြီဖြစ်တဲ့ ပင်စင်စားတွေနဲ့ စစ်ပြန်တွေကို သူတို့ရဲ့ လက်ကျန်အချိန်လေးအတွင်းမှာ သက်သောင့်သက်သာနဲ့ ဆက်လက် ဖြတ်သန်းသွားစေဖို့ပါ။
Anton ဟာ မီလျံနာတယောက် မဟုတ်ပေမယ့် နိုင်ငံအပေါ် ကျေးဇူးရှိသူတွေအပေါ်မှာတော့ နှိမ့်ချရိုသေတတ်တဲ့ ဆောက်လုပ်ရေး အလုပ်သမားတဦးဖြစ်ပြီး သူ့ကိုယ်ပိုင်လုပ်အားခ တချို့ကို စိုက်ထုတ်ပြီး ပင်စင်စားနဲ့ စစ်ပြန် သက်ကြီးရွယ်အိုတွေ နေထိုင်ရာ အိမ်ခန်းလေးတွေကို တတ်နိုင်သလောက် ပြန်လည်ပြုပြင်ပေးခဲ့တာ ဖြစ်ပါတယ်။
“တီဗီကြည့်လိုက်တဲ့အချိန်မှာ ကျနော်သတိထားမိလိုက်တာက ဂုဏ်ပြုဆုတံဆိပ်တွေ ရရှိထားပေမယ့် သူတို့ဟာ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရတယ် ဆိုတာပါပဲ။ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အစားအသောက်နဲ့ ဇိမ်ခံပစ္စည်းတွေနဲ့ ဘာမှမဆိုင်သလို သူတို့ဘဝတွေကို ဖြတ်သန်းခဲ့ကြတယ်။ အခုအချိန်ထိလည်း ဆင်းဆင်းရဲရဲနဲ့ ဘဝကိုကုန်ဆုံးရဦးမယ်လို့ တွေးမိတော့ ကျနော့်စိတ်ထဲ ဝမ်းနည်းမိတယ်”
“’ဒါကြောင့်ပဲ ကျနော့်ရဲ့ ရိုးစင်းတဲ့ ဒီပရောဂျက်လေးကို စတင်ဖြစ်ခဲ့တာပါ။ တဖြည်းဖြည်းနဲ့ ရုန်းကန်နေကြရတဲ့ ဆရာဆရာမတွေ ၊ ဆရာဝန်တွေဆီကိုပါ သွားရောက်ဖို့ ကျနော် ထပ်ပြီး စိတ်ကူးမိပါသေးတယ်”လို့ အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။
Anton ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ နိုင်ငံအတွက် တိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်တဲ့ ရထားမောင်းနှင်သူတယောက်ရဲ့ အိမ်နဲ့ စစ်ပြန်တယောက်ရဲ့ အိမ်ကို ပြန်လည် ပြုပြင်မွမ်းမံပေးခဲ့တာဖြစ်ပါတယ်။ ဒီအလုပ်ကို စတင်တဲ့အချိန်မှာတော့ Anton ဟာ ယခင်ကတည်းက သူစုဆောင်းထားခဲ့တဲ့ ငွေတချို့ကို အသုံးပြုခဲ့ပေမယ့် ပထမဆုံးပြုပြင်ရေးမှာတင် သူဟာ ဒေါ်လာ ၁၅၀၀ အသုံးပြုခဲ့ရပါတယ်။
“ကျနော် နောက်ဆုံးလုပ်ခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေးဟာဆိုရင် အကုန်အကျများတဲ့ တခုပါပဲ။ ကျနော့်အနေနဲ့ ဒီအလုပ်အတွက် စပွန်ဆာပေးနိုင်မယ့်သူ တယောက်လောက် ရှာကြည့်ဖို့ စိတ်ကူးမိပါသေးတယ်။ ဒါပေမဲ့ ကျနော်လိုအပ်တာ တကယ်ထောက်ပံ့ ကူညီချင်စိတ်ရှိမယ့် သူတွေပါပဲ။ ဒီပရောဂျက်လေးကို ကျနော် ဆက်လုပ် ဖြစ်မလား ၊ ရပ်လိုက်ရမလား ဆိုတာတော့ မသေချာသေးဘူးဗျ။ အဲဒါက ကျနော့် လုပ်အားခအပေါ် မူတည်နေတာမို့ပါ”လို့ သူကဆိုပါတယ်။
Anton အခုလို လိုက်လံပြုပြင်ထိန်းသိမ်းပေးနေတဲ့ ပင်စင်စားတွေနဲ့ စစ်ပြန်တွေရဲ့ အခန်းတွေဆီကို သူနဲ့အတူ လိုက်ပါကူညီပေးသူ တချို့တော့ ရှိပါတယ်။ သူတို့အဖွဲ့မှာ Anton အပါအဝင် ၃ ယောက်ရှိပြီး ပြုပြင်ရေးထိန်းသိမ်းရေးအတွက် ၂ ပတ်ကနေ ၃ ပတ်အထိ အချိန်ယူလေ့ရှိတယ်လို့ သိရပါတယ်။
“ပထမဆုံး ပြုပြင်ထိန်းသိမ်းရေး ၃ ခုမှာ ကျနော်တို့က ကုန်ကျစရိတ်ရဲ့ ၉၉ ရာခိုင်နှုန်းအထိ အကုန်အကျခံပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်၊ ကနေဒါနဲ့ ဥရောပပိုင်းကနေ အလှူငွေသဘောမျို းလက်ခံရရှိခဲ့ပေမယ့် တကယ့်ကို လူနည်းစု သာသာပါပဲ” လို့ Anton က ဆက်လက်ဖြေကြားခဲ့ပါတယ်။
Ref. www.boredpanda.com