အခုလို ပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ အဲကွန်းအသုံးပြုပြီး အိပ်စက်ရသူတွေအဖို့ ကိစ္စ မရှိပေမယ့် မီးပျက်သွားတဲ့ အချိန်မျိုးနဲ့ အဲကွန်း မရှိသူတွေအတွက်တော့ ပူပူလောင်လောင် ချွေးတရွှဲရွှဲနဲ့မို့ အိပ်စက်ရခက်စေမှာပါ။ ဒါကြောင့်မို့လို့ ရာသီဥတုပူပူမှာ အဲကွန်းအသုံးမပြုဘဲ အေးအေးချမ်းချမ်း အိပ်ပျော်နိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အိပ်ခါနီးကို ရေသောက်အိပ်ပါ
ခန္ဓာကိုယ်တွင်း ရေဓာတ် ပြည့်ဝနေတဲ့အခါ ရာသီဥတုအပူဒဏ်ကို ပုံမှန်ထက်ပိုပြီး ခံနိုင်ရည် ရှိပါတယ်။ အိပ်ရာဝင်ခါနီး ရေတဖန်ခွက်ခန့် သောက်သုံံးပေးတာမျိုးဟာ အပူဒဏ်ခံရခြင်းကို အနည်းငယ် သက်သာစေမှာ ဖြစ်ပါတယ်။
(၂) မီးရောင်နည်းနိုင်သလောက် နည်းအောင်ထားပါ
အိပ်ခန်းတွင်းမှာ မီးဖွင့်ထားခြင်းဟာ ရာသီဥတု အပူဒဏ်အပြင် အခန်းတွင်း အပူချိန်ကိုပါ မြင့်တက်စေတာကြောင့် အပူဒဏ်ကို ပိုမိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့်မို့လို သင့်အိပ်ခန်းတွင်းမှာ မီးရောင်နည်းနိုင်သလောက် နည်းအောင် ထားပေးသင့်ပါတယ်။
(၃) အိပ်စက်မယ့် နေရာကို သဘာဝအတိုင်း အေးအောင်ပြုလုပ်ပါ
အခုဖော်ပြမယ့် နည်းလမ်းကတော့ အီဂျစ်လူမျိုးတွေ ရှေးယခင်တည်းက အသုံးပြုကြတဲ့ နည်းလမ်းတခုဖြစ်ပါတယ်။ ရေကောင်းမွန်စွာ စုပ်ယူနိုင်တဲ့ အဝတ်တခုကို ရေစွတ်၊ ရေစင်အောင်ညှစ်ပြီး မိမိအိပ်စက်မယ့် နေရာအနီးအနားက ပြတင်းပေါက်နဲ့ မျက်နှာကြက်မှာ ဖြန့်တင်ထားတာမျိုးနဲ့ အိပ်ရာပေါ်မှာ ခဏလောက် ဖြန့်တင်ထားတာမျိုးကို ပြုလုပ်ပေးနိုင်ပါတယ်။
(၄) ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ
လေဝင်လေထွက်ကောင်းမွန်ပြီး ပေါ့ပေါ့ပါးပါးဖြစ်စေမယ့် ချည်ထည်အဝတ်အစားမျိုးကို ရွေးချယ် ဝတ်ဆင်ခြင်းက အပူဒဏ်ကို လျော့ပါးသက်သာစေမှာပါ။
(၅) ယပ်တောင် မကြာခဏ အသုံးမပြုပါနဲ့
အပူဒဏ်သက်သာအောင်လို့ ယပ်တောင် တဖျပ်ဖျပ် ခတ်ခြင်းဟာ ခန္ဓာကိုယ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေပြီး အိပ်စက်ရခက်စေတာကြောင့် ယပ်တောင်ကို သုံးပြုမယ့်အစား ပန်ကာအသေးစားလေးတွေကို ခဏလောက်ဖွင့်ထားတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။
Ref. www.tuck.com