လန်ဒန်မြို့မှာ နေထိုင်တဲ့ ဆံသဆရာ Joshua Coombes ဟာ ကတ်ကြေးကိုင်ပြီး အိမ်ရာမဲ့တွေကို ဆံပင်ညှပ်ပေးနေတာ နှစ်နဲ့ ချီနေပြီလို့ သိရပါတယ်။ အသက် ၃၁ နှစ်သာ ရှိသေးတဲ့ အဲဒီ ဆံသဆရာဟာ အိမ်ရာမဲ့တွေကို ဆံပင်ညှပ်ပေးချိန်မှာ သူတို့ပြောပြတဲ့ ဘဝဇာတ်ကြောင်းတွေကို နားထောင်ခြင်းတွေ ပြုလုပ်လေ့ ရှိတယ်လို့ ဆိုပါတယ်။
သူဟာ အိမ်ရာမဲ့ တယောက်ကို ဆံပင်ညှပ်ပြီးတိုင်း သူ့ရဲ့ Instagram စာမျက်နှာမှာ “Do Something For Nothing” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဓာတ်ပုံတင်လေ့ ရှိပြီး အဲဒီ အိမ်ရာမဲ့က ပြောပြတဲ့ ဇာတ်လမ်းကို ရေးတင်လေ့ ရှိပါတယ်။ စိတ်ရှည်စွာနဲ့ စာရေးတင်လေ့ရှိတဲ့ အတွက် သူ့ရဲ့ လှုပ်ရှားမှုဟာ အောင်မြင်လာခဲ့ပါတယ်။ သူကတော့ “ကျနော်ဒီလို လုပ်ရတာဟာ ရိုးရှင်းပါတယ်။ အိမ်ရာ မရှိတဲ့ သူတွေကလည်း သူလိုကိုယ်လို ဇာတ်လမ်းတွေရှိတာပါပဲ။ သူတို့ကို အားပေးဖို့ လိုအပ်ပါတယ်”လို့ ပြောပါတယ်။
သူ့ရဲ့ DSFN လှုပ်ရှားမှုဟာ ပိုမိုနာမည်ကြီးလာပြီးတဲ့ နောက်မှာ Joshua Coombes ရဲ့ မိတ်ဆွေ ပန်းချီဆရာ တဦးကလည်း အဲဒီ အိမ်ရာမဲ့တွေရဲ့ ပုံတွေကို ပုံတူဆွဲလေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီပုံတူတွေကို ပန်းချီပြပွဲ လုပ်ရောင်းပြီး ရတဲ့ ပိုက်ဆံတွေနဲ့ အိမ်ရာမဲ့တွေကို ပြန်လည်ထောက်ပံံ့တယ်လို့ သိရပါတယ်။
သူတို့ရဲ့ လှုပ်ရှားမှုတွေဟာ လူငယ်တွေကြားမှာ ရေပန်းစားနေပြီး ဒေသတွင်း အလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ကာ အိမ်ရာမဲ့တွေကို အလုပ်အကိုင် ရှာဖွေပေးတာတွေ ပြုလုပ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကလေးငယ်တွေကို စာသင်ပေးတဲ့ အစီအစဉ်တွေပါ ပါဝင်နေပြီး လန်ဒန်၊ မန်ချက်စတာ၊ အမ်စတာဒမ်နဲ့ ပဲရစ်မြို့တွေမှာ လိုက်လံပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
Ref;Unilad