Trend

ပင်လယ်တွင်းမှ အပင်နှုတ်ယူမှုဖြင့် တရုတ်အမျိုးသား ဧည့်လမ်းညွှန်တဦး ဖမ်းဆီးခံရ

ကန့်သတ် ရေပိုင်နက်အတွင်းမှာ ပေါက်ရောက်နေတဲ့ ပင်လယ်မျိုးစိတ် အပင်တပင်ဖြစ်တဲ့ Anemone အပင်နှုတ်ယူမှုနဲ့ တရုတ်နိုင်ငံခရီးသွားလာရေးအဖွဲ့က Tour Guide တဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ ခရီးသွားဧည့်လမ်းညွှန်ကတော့ အသက် ၃၂ နှစ်အရွယ်ရှိ Aekkawat Meetem ဆိုသူဖြစ်ပြီး Sattahip စီရင်စု၊Chon Buri ပြည်နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ Aekkawat ဦးဆောင်တဲ့ ခရီးသွားအဖွဲ့ရဲ့ ပင်လယ်နေသတ္တဝါတွေရဲ့ လှုပ်ရှားသွားလာမှုကို ရိုက်ကူးထားတဲ့ ၂ မိနစ်စာ ဗီဒီယိုတခုကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ရာကနေ သံသယဝင် စောင့်ကြည့်စေခဲ့တာ ဖြစ်ပါတယ်။

ရေပြင်နဲ့ ကမ်းရိုးတန်းအရင်းအမြစ်ရဲ့ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ Chatuporn Burutpat ရဲ့အမိန့်နဲ့ ခရီးသွားအဖွဲ့ကို စောင့်ကြည့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ပေါ်မူတည်ပြီး ရဲဝန်ထမ်းအချို့နဲ့ ကင်းထောက်တွေဆီ သတင်းပို့ကာ သံသယရှိသူတွေကို နောက်ယောင်ခံလိုက်ဖို့ ဝရမ်းထုတ်ပြန်ခဲ့တာပါ။

Aekkawat နေထိုင်ရာ Sattahip စီရင်စု ရဲစခန်းမှာ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တဲ့အခါမှာတော့ သူကိုယ်တိုင်လည်း ပင်လယ်တွင်းမှ Anemone အပင်ကို နှုတ်ယူခဲ့ကြောင်း၊ အဲဒီ Anemone အပင်ထဲမှာ ငါးတကောင်ရှိနေခဲ့တာကို သတိမထားမိခဲ့ကြောင်း၊ ရေတိမ်မှာ သေဆုံးနေတာ ဖြစ်တယ်လို့ ထင်မိကြောင်း ဝန်ခံခဲ့ပါတယ်။

မစ္စတာ Chatuporn ကတော့ တရားမဝင် ငါးဖမ်းခြင်းလိုပဲ အခုကိစ္စဟာလည်း တရားဥပဒေကို ဆန့်ကျင်တာဖြစ်တဲ့အတွက် ဒီအဖြစ်အပျက်ကို အခြေခံပြီး တခြားသူတွေ ဘေးမဲ့ပေးထားတဲ့ ရေပိုင်နက်က ရေနေသတ္တဝါတွေနဲ့ ရေနက်ပိုင်းအပင်တွေကို အနှောင့်အယှက်မပေးဖို့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

အခုဖမ်းဆီးခံရတဲ့ ခရီးသွားဧည့်လမ်းညွှန်ကတော့ ဒီလုပ်ရပ်အတွက် ဒဏ်ငွေအဖြစ် ထိုင်းဘတ် ၄၀၀၀၀ နဲ့ ထောင်ဒဏ် ၄ နှစ်ကျခံရမှာ ဖြစ်ပါတယ်။

Ref. www.thaipbsworld.com

Loading