ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းပေါင်း မြောက်များစွာထဲကမှ ဒီနည်းလမ်းကတော့ ထူးထူးခြားခြားနဲ့ အံ့အားသင့်စရာ အကောင်းဆုံး နည်းလမ်းတခု ဖြစ်မှာပါ။ ဟုတ်မှ ဟုတ်ပါ့မလား ဆိုသူတွေအတွက် အမေရိကန်နိုင်ငံ၊ Ohio ပြည်နယ်က Del Hall ဆိုတဲ့ အသက် ၄၃ နှစ်အရွယ်ရှိ အမျိုးသားက သက်သေပြလိုက်ပါပြီ။
တခြား ဘာအစားအစာမှ မစားဘဲ ဘီယာတမျိုးတည်းကိုသာ သောက်ပြီး Diet လုပ်ခဲ့တဲ့ သူ့အတွက်တော့ အလုပ်မှာ ဘီယာ မသောက်ရမှာကိုလည်း စိုးရိမ်စရာ မရှိပါဘူး။ Ohio ပြည်နယ်၊ Cincinnati မြို့က Fifty West ဘီယာကုမ္ပဏီမှာ အလုပ်လုပ်တဲ့ သူ့အတွက်တော့ ဒီ Beer Diet Plan က အဆင်ပြေတဲ့ နည်းလမ်းတခုပါ။
ကိုယ်အလေးချိန် လျှော့ချဖို့ ပြုလုပ်တဲ့ ဒီ Diet Plan အတွက် ၁၇ ရာစုလောက်က ဘာဗေးရီးယန်း ဘုန်းတော်ကြီးတွေ ရက်ပေါင်း ၄၀ ခန့် အစာမစားဘဲ အရည်တမျိုးတည်း သောက်သုံးကာ ဥပုသ်စောင့်တဲ့ နည်းလမ်းကို အတုယူပြီး အကြံဉာဏ်ရသွားတာ ဖြစ်ပါတယ်။
ဒီ Beer Diet Plan ကို ပြုလုပ်ဖို့အတွက် Del Hall ဟာ သူ အင်မတန် ကြိုက်နှစ်သက်တဲ့ အသင့်စား အစားအစာတွေ၊ ဂတ်စ်ပါတဲ့ အချိုရည်တွေနဲ့ ကော်ဖီ စတာတွေကို မစားမိအောင် ထိန်းသိမ်းရင်း ဒီ Challenge ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ မနက်စာ၊ နေ့လယ်စာနဲ့ ညစာကို ဘာအစားအစာမှ မစားဘဲ ဘီယာတမျိုးတည်းကိုသာ နည်းနည်းချင်း သောက်သုံးခဲ့တဲ့ သူ့အတွက်တော့ ဒီ Challenge ဟာ အလွန်အမင်း ခက်ခဲခဲ့ပါတယ်။
“အစားစားရတာကို အင်မတန် နှစ်သက်ခုံမင်တဲ့ ကျနော့်အတွက်တော့ ဒီ Challenge တော်တော်ကို ခက်ခဲပါတယ်။ ညဘက်အိပ်တဲ့အခါ အိပ်မက်ထဲမှာတောင် အစားအစာတွေကို ထည့်မက်တဲ့ အထိပါပဲ။ ဘီယာမှာ ကယ်လိုရီ အမြောက်အများ ပါဝင်တယ်ဆိုတာကို ကျနော်သိပါတယ်။ Light Larger နဲ့ Wheat Beer တွေကိုတော့ မသောက်သုံးဘဲ Stout ကိုသာ အဓိကထား သောက်ခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။
ဒီ Challenge ကို စတင်ခဲ့ပြီး တပတ်အကြာမှာပဲ ကိုယ်အလေးချိန် ၁၇ ပေါင် ကျဆင်းခဲ့ပြီး ရက်ပေါင်း ၃၁ ရက်အကြာမှာတော့ ၃၃ ဒဿမ ၅ ပေါင်အထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ် ဘီယာကိုပဲ အဓိကထား သောက်သုံးခဲ့တဲ့ ဒီ Diet Plan ဟာ အစားအစာ မစားဘဲ အရည်သာ အဓိက သောက်သုံးတဲ့ Plan ဖြစ်တာကြောင့် ကိုယ်ခံအားနည်းသူတွေ လိုက်လံ မပြုလုပ်ဖို့ သူက အကြံပြုပြောကြားခဲ့ပါတယ်။
Ref. brobible.com