Ken Kawamoto လို့ အမည်ရတဲ့ ဂျပန်အမျိုးသားတယောက်ဟာ နှိပ်စက်ပါတဲ့ အင်္ကျီတမျိုးကို တီထွင်လိုက်ပါတယ်။ တကယ်တော့ အင်္ကျီဒီဇိုင်းက ရိုးရိုးရှင်းရှင်းပါပဲ။ အင်္ကျီရဲ့ အနောက်မှာ ရထားလမ်းတွေ ထည့်ပြီး ဒီဇိုင်းဆွဲထားတာပဲ ဖြစ်ပါတယ်။
ကလေးတွေဟာ မိဘတွေရဲ့ ကျောပေါ်မှာ ထိုင်ချင်ကြတာ သဘာဝပါ။ ဉာဏ်ကောင်းတဲ့ အဲဒီ အမျိုးသားကတော့ ကျောပေါ်ထိုင်ဆော့တဲ့ ကလေးက သူ့ကို နှိပ်ပေးနိုင်ဖို့ အတွက် ရထားလမ်းပါတဲ့ အင်္ကျီဒီဇိုင်းကို ဆွဲခဲ့တာ ဖြစ်ပါတယ်။
Ken Kawamoto က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကျနော်က ရုံးမှာ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတော့ အရမ်းညောင်းပါတယ်။ အိမ်ကို ပြန်ရောက်တဲ့ အခါ ကျနော့်သားက ကျနော့် နောက်ကျောပေါ် တက်ပြီး ဆော့တဲ့အချိန်မှာ အရမ်း အညောင်းပြေတာကြောင့် ဒီအင်္ကျီကို ထုတ်ဖို့ စိတ်ကူးရသွားခဲ့တာပါ။ ရထားလမ်းပုံစံလုပ်ထားတော့ သူ့ကို ဟိုဘက်လမ်းသွား၊ ဒီဘက်လမ်းသွား ပြောရုံပါပဲ။ သူလည်း ဆော့ပြီးသားဖြစ်၊ ကျနော်လည်း အနားယူပြီးသား ဖြစ်သွားပါတယ်”လို့ ရေးသားထားပါတယ်။
သူနဲ့ သူ့ရဲ့သားဖြစ်သူ ဆော့ပြတဲ့ ဗီဒီယိုဟာ တွစ်တာမှာ ကြည့်ရှုသူ ၁ ဒဿမ ၃သန်းခန့်ရှိသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဗီဒီယိုကို ပြန်လည်မျှဝေသူ ၃သိန်းကျော်ရှိခဲ့ပြီး မိဘတော်တော်များများက သဘောကျနေတာကို တွေ့ရပါတယ်။
အဲဒီ အမျိုးသားကတော့ သူဒီဇိုင်းပြုလုပ်ထားတဲ့ အင်္ကျီကို စတင်ရောင်းချနေပြီလို့ သိရပါတယ်။ အင်္ကျီရဲ့ ပေါက်ဈေးကတော့ အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ ရှိတယ်လို့ သိရပါတယ်။
Ref;Boredpanda