Trend

အင်္ဂလန်နိုင်ငံက မူလတန်းကျောင်းတွေမှာ တရားထိုင်ခြင်းကို ကျောင်းသုံးသင်ရိုးအဖြစ် ပြဌာန်း

ကလေးငယ်တွေအတွက် ဖွင့်လှစ်သင်ကြားပေးနေတဲ့ မူလတန်းကျောင်းအများစုဟာ ကလေးတွေ စိတ်ပျော်ရွှင်စေဖို့နဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် ကစားခုန်စား ပြုလုပ်နိုင်မယ့် ကစားကွင်းတွေ၊ အားကစားခန်းမတွေ စတာတွေကိုသာ ထည့်သွင်းလေ့ ရှိကြပါတယ်။

ဒါပေမယ့် အင်္ဂလန်နိုင်ငံက မူလတန်းကျောင်းပေါင်း ၃၇၀ မှာတော့ ကလေးတွေ ခန္ဓာကိုယ် ကျန်းမာရေး အတွက်သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် တရားထိုင်ခြင်းကို ဘာသာရပ်တခုအနေနဲ့ ကျောင်းသုံး သင်ရိုးညွှန်တမ်းမှာ ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။

ကလေးတွေရဲ့နေ့စဉ်ဘဝမှာ စိတ်တည်ငြိမ်မှုရရှိဖို့အတွက် ရည်ရွယ်ပြီး ငယ်ရွယ်စဉ်ကနေစလို့ လေ့ကျင့်ပျိုးထောင် ပေးလိုက်တဲ့ ဒီအလေ့အကျင့်ဟာ ကလေးဘဝကနေ လူကြီးဘဝအထိ အသုံးတည့်စေမယ့် အလေ့အကျင့် ကောင်းတခုပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြုလုပ်ဖို့အတွက် အင်္ဂလန်နိုင်ငံအစိုးရဟာ သေချာစီမံကိန်းချ ပြုလုပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ နှစ်မတိုင်ခင် ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

တရားထိုင်ခြင်းကို မူလတန်းကလေးငယ်တွေ အလွယ်တကူနားလည်စေဖို့ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်တယ်လို့ ဆရာ၊ ဆရာမတွေက သေချာစွာ ရှင်းလင်းသင်ကြားပေးနေကြပြီး တရားထိုင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုလည်း သင်ကြားပြသပေးတာကြောင့် မူလတန်းကလေးငယ်တွေအတွက် စိတ်ဝင်စားစရာ ဘာသာရပ်တခု ဖြစ်လို့နေပါတယ်။

၂၀၁၆ ခုနှစ်မှာ ဒီအစီအစဉ်ကို မူလတန်းကလေးငယ်တွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ကလေးငယ်တွေ ဒီဘာသာရပ်ကို စိတ်ဝင်စားမှု ရှိ၊မရှိကို အချိန် အတိုင်းအတာတခုအထိ လေ့လာစောင့်ကြည့်ခဲ့တာပါ။

“ကလေးတွေ ဒီတရားထိုင်ခြင်း တနည်းအားဖြင့် အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ခြင်း ဘာသာရပ်ကို စိတ်ပါဝင်စားလာဖို့ အရင်လုပ်ရပါတယ်။ ဘယ်ကလေးမှတော့ ငြိမ်ငြိမ်လေးထိုင်ပြီး အသက်ရှုလေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ကြမှာ မဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့စိတ်ဝင်စားလာအောင် ဒါရဲ့ရေရှည်အကျိုးကျေးဇူးတွေကို သေချာရှင်းပြ သင်ကြားပေးရပါတယ်”

“ဒီဘာသာရပ်ကို သင်ကြားပေးဖို့အတွက် Mindful Moment Room ဆိုပြီး သီးသန့်ခန်းတခန်း ထားပေးပြီး စိတ်ရှည်ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေနဲ့ သင်ကြားပေးနေပါတယ်” လို့ မူလတန်းကျောင်းအုပ်ဆရာတဦးက CNN နဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

Ref. www.trueactivist.com

Loading