အင်တာနက်ပေါ်မှာ အစားစားပြပြီး ပိုက်ဆံရှာတဲ့ နည်းလမ်းဟာ မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားလာပါတယ်။ တရုတ်နိုင်ငံက အမျိုးသမီး အချို့ဟာ အကောင်တွေကို အစိမ်းလိုက်စားပြပြီး ပိုက်ဆံရှာကြတာကို တွေ့ရပါတယ်။
Lianyungang မြို့မှာ နေထိုင်ပြီး “Seaside Girl Little Seven” လို့ အမည်ရတဲ့ အကောင့်ကို သုံးစွဲတဲ့ အဲ့ဒီမိန်းကလေးဟာ မကြာခဏဆိုသလို ပင်လယ်စာတွေကို ချက်ပြုတ် စားသောက်ပြလေ့ ရှိသူလည်း ဖြစ်ပါတယ်။ တရုတ်အမျိုးသမီး တော်တော်များများဟာ ရေဘဝဲကို အစိမ်းစားလေ့ ရှိပါတယ်။ အဲဒီလို စားပြတဲ့ ဗီဒီယိုတွေဟာလည်း လူကြည့်များတယ်လို့ သိရပါတယ်။
စက္ကန့် ၅၀ ပါတဲ့ ဒီဗီဒီယိုဖိုင်မှာ သူမဟာ ရေဘဝဲကို အစိမ်းစားဖို့ လုပ်နေစဉ် ရေဘဝဲက မျက်နှာမှာ ကပ်နေခဲ့တာကို မြင်တွေ့ရပါတယ်။ သူမဟာ Weibo လို့ ခေါ်တဲ့ လူမှုကွန်ရက်မှာ တိုက်ရိုက်ပြသနေတာဖြစ်လို့ ချက်ချင်းပဲ ဗီဒီယိုကို ကြည့်ရှုသူတွေရော မျှဝေသူတွေပါ အများကြီး ဖြစ်သွားခဲ့ပါတယ်။
ဗီဒီယိုရဲ့ အစမှာ သူမဟာ ရေဘဝဲကို စားဖို့ ကြိုးပမ်းနေပြီး ရေဘဝဲက သူမရဲ့ မျက်နှာကို မခွာတမ်းကပ်ထားပါတယ်။ အစပိုင်းမှာတော့ သူမက ရယ်စရာတခုလို သဘောထားခဲ့ပေမယ့် ခွာလို့ မရတဲ့ အခါ “နာတယ်၊ နာတယ်” ဆိုပြီး အော်ငိုခဲ့တာလည်း ဖြစ်ပါတယ်။ ရေဘဝဲက လုံးဝ ခွာမရဘဲ စက္ကန့်အတော်အကြာ ကပ်နေခဲ့တာပါ။ ခွာလို့ ရသွားပြီးတဲ့ အချိန်မှာတော့ သူမရဲ့ ပါးပေါ်မှာ သွေးထွက်နေကို တွေ့မြင်ရပါတယ်။
အဲဒီ ဗီဒီယိုပျံ့နှံ့သွားပြီးတဲ့ နောက်မှာ လူတော်တော်များများက သူမကို လှောင်ပြောင်ခဲ့ကြပါတယ်။ Weibo သုံးစွဲသူ တယောက်တော့ “ဒီလောက် အစားသရမ်းတာ အံ့သြတယ်။ သူများကို လုပ်လို့ ကိုယ်ပြန်ခံရတာ။ ဝဋ်ဆိုတာ အဲလို လည်တတ်တယ်။ လုံးဝ မသနားဘူး” ဆိုပြီး ရေးထားတာကိုလည်း တွေ့ရပါတယ်။
Ref: coconuts.