Trend

သခင်ရဲ့နားကြပ်ကို ကိုက်ဖြတ်မိလို့ မြွေအသေကို အစားလျော်ပေးတဲ့ ကြောင်လေး

ကြောင်လေးတွေဟာ တခါတရံမှာ အရမ်းထူးဆန်းကြပါတယ်။ သူတို့တွေရဲ့ အပြုအမူတွေဟာ တခါတရံမှာ ကြောင်တောင်တောင်ဖြစ်တတ်ပေမယ့် အဲဒါတွေကြောင့်ပဲ သခင်တွေက အချစ်ပိုနေကြတာပါ။ မကြာသေးခင်က Facebook အသုံးပြုသူတယောက်ဟာ သူ့ကြောင်လေးအကြောင်းကို Facebook ပေါ်မှာ ရေးတင်ရာက နိုင်ငံအနှံက Facebook အသုံးပြုသူတွေက ဝိုင်းပြီး မျှဝေခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နေထိုင်တဲ့ Haryanto Pherwhirra Ramadhani လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ကြောင်လေးရဲ့ ပုံတွေကို တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီ ပို့စ်ဟာ မျှဝေသူ ၇ သောင်းခန့်ရှိခဲ့တယ်လို့ သိရပါတယ်။

သူက “ဒီနေ့မနက်ပိုင်းမှာ ကျနော့်ရဲ့ ကြောင်လေးက အားသွင်းကြိုးကို ဆော့ရင်း ကြိုးပြတ်သွားခဲ့ပါတယ်။ ကျနော်ကလည်း သူ့ကို ဆူတာပေါ့။ အဲဒါနဲ့ သူအိမ်က ထွက်သွားပါတယ်။ ခဏကြာတော့ ကျနော့်အတွက် လက်ဆောင်ယူပြီး အိမ်ပြန်လာပါရော။ သူဘာယူလာတယ် ထင်လဲ ” ဆိုပြီး ပုံနဲ့ တကွ တွဲတင်ထားတာဖြစ်ပါတယ်။

သခင်စိတ်ဆိုးတာကို ပြန်ချော့ချင်တဲ့ ကြောင်လေးဟာ သခင်အတွက် မြွေအသေတကောင်ယူလာတာပဲ ဖြစ်ပါတယ်။ ပိန်ရှည်ရှည်မြွေအသေတကောင်ကို ပြတ်သွားတဲ့ အားသွင်းကြိုးအစား ယူပါဆိုတဲ့ အကြည့်နဲ့ ကြည့်နေသေးတယ်လို့ အဲဒီ အမျိုးသားက ဆိုပါတယ်။

 

လူမှုကွန်ရက် စာမျက်နှာမှာတော့ ကြောင်လေးကို တာဝန်ယူတတ်တယ်လို့ ချီးမွမ်းနေကြသူတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။

ဒီလို ချစ်စရာလည်းကောင်း အသည်းယားစရာလည်း ကောင်းတဲ့ အမူအရာကြောင့် ကြောင်လေးကို ခွင့်လွှတ်ပေးခဲ့တယ်လို့ သခင်ဖြစ်သူက ဆိုပါတယ်။

နောက်ပြီး သူက “ကျနော် နောက်တခါ ကျနော့်ကြောင်လေးကို မဆူတော့ပါဘူးဗျာ။ တော်ကြာ နောက်ထပ် မြွေအသေတွေ ထပ်ယူလာနေဦးမယ် ” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားပါသေးတယ်။

Ref; worldofbuzz

Loading