ရုပ်ရှင်ကြည့်တဲ့အခါ လဲလျောင်းအိပ်စက်ပြီး သက်သောင့်သက်သာ ကြည့်ရှုလိုတာက ရုပ်ရှင်ချစ်သူတွေအတွက် အိပ်မက်တခုလို့ ပြောလို့ရပါတယ်။
ရုပ်ရှင်ချစ်သူတွေရဲ့ ဒီအိပ်မက်ကို ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ Pathe’ ဆိုတဲ့ ရုပ်ရှင်ရုံက စီစဉ်ဖန်တီးပေးလိုက်ပါပြီ။ သာမန် ရုပ်ရှင်ရုံတွေမှာ တွေ့မြင်နေကျ ငြီးငွေ့စရာကောင်းတဲ့ ဆိုဖာထိုင်ခုံတွေအစား လဲလျောင်းအိပ်စက်ရင်း ကြည့်ရှုလို့ရမယ့် VIP Bedroom တွေကို ပြုလုပ်စီစဉ်ပေးထားတာပဲ ဖြစ်ပါတယ်။
ဒီ VIP Bedroom မှာ အိပ်ရာပေါင်း ၁၁ ခုပါဝင်ပြီး တခုချင်းစီမှာဆိုရင်တော့ လဲလျောင်းတဲ့အခါ သက်သောင့်သက်သာ ဖြစ်စေဖို့ ခေါင်းအုံး ၂ လုံး၊ သန့်ရှင်းချောမွေ့တဲ့ အိပ်ရာခင်း စတာတွေအပြင် အစားအစာတွေနဲ့ ပစ္စည်းတွေ တင်ဖို့အတွက် စားပွဲတင်ခုံတလုံးပါ ပါဝင်မှာ ဖြစ်ပါတယ်။ VIP Bedroom မှာ ကြည့်ရှုသူတွေကို စားစရာနဲ့ သောက်စရာတွေကိုပါ Free ပေးထားမှာဖြစ်ပြီး ရုပ်ရှင်ကြည့်ရှုရာမှာ စိတ်အနှောင့်အယှက်ကင်းကင်း ကြည့်ရှုနိုင်စေဖို့ပါ အတတ်နိုင်ဆုံးစီစဉ်ပေးထားမှာ ဖြစ်ပါတယ်။
VIP Bedroom မှာ ကြည့်ရှုနိုင်ဖို့အတွက် VIP လက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၄၉ ဒေါ်လာခန့် ကျသင့်မှာဖြစ်ပြီး သာမန်ထိုင်ခုံံနဲ့ ကြည့်ရှုရမယ့် ရိုးရိုးတန်းလက်မှတ်ကတော့ ၁၉ ဒေါ်လာခန့်သာ ကျသင့်မှာ ဖြစ်ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး Pathe’ ရုပ်ရှင်ရုံရဲ့ CEO ဖြစ်သူ Venanzio Di Bacco က “ကိုယ့်အိမ်မှာ ရုပ်ရှင်ကြည့်နေရသလိုမျိုး သက်သောင့်သက်သာနဲ့ စိတ်အနှောင့်အယှက်ကင်းကင်း ကြည့်နိုင်ဖို့ အတတ်နိုင်ဆုံးစီစဉ်ပေးထားပါတယ်”လို့ ပြောပါတယ်။
“Free ပေးမယ့် အစားအစာတွေကိုလည်း Menu မထပ်ရအောင် စီစဉ်ပေးမှာဖြစ်သလို VIP Bedroom မှာပါဝင်တဲ့ Double Beds တွေ အကုန်လုံးက ပိုးသတ်ထားပြီးသားလည်း ဖြစ်တာကြောင့် အသန့်အပြန့်ကြိုက်သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ရုပ်ရှင်ကြည့်ရှုတဲ့အခါမှာလည်း ကြည့်ရှုသူတွေ စိတ်တိုင်းကျ ဖြစ်စေဖို့ အသံပိုင်းစနစ်မှာရော ရုပ်ထွက်ပိုင်းမှာရောပါ အကောင်းဆုံးပြင်ဆင်ပြုလုပ်ထားပါတယ်”လို့ သူက ဆိုပါတယ်။
မိသားစုသူငယ်ချင်းတွေနဲ့ပဲ သီးသန့်ကြည့်ရှုချင်တဲ့ ရုပ်ရှင်ဝါသနာအိုးတွေအတွက်လည်း VIP ခန်းတွေ စီစဉ်ထားပေး မှာဖြစ်ပြီး ကလေးငယ်တွေ ပါလာခဲ့ရင်လည်း ကလေးတွေအတွက် ကစားဖို့နေရာတွေပါ ထားပေးထားတာ ဖြစ်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက Pante’ ရုပ်ရှင်ရုံကိုတော့ မေလ ၉ ရက်နေ့ကနေစပြီး စတင်ဖွင့်လှစ်မှာ ဖြစ်ပြီး VIP Bedroom မှာ ကြည့်ရှုလိုသူတွေအနေနဲ့လည်း ၉ ရက်နေ့မှာ စတင်ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ်။
Ref. www.boredpanda.com
You May Also Like These Stories :
iflix ကို လစဉ်ကြေး ပေးသွင်းစရာ မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်
အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner
လမ်းပေါ်က ကောင်လေး တယောက်အကြောင်း (သို့မဟုတ်) Gully Boy (2019)