လေယာဉ်နဲ့ ခရီးသွားခြင်းဟာ အလုံခြုံဆုံး ခရီးသွားခြင်းပဲ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျတယ် ဆိုတာတွေဟာလည်း ကြုံတောင့်ကြုံခဲ ဖြစ်ရပ်တွေပါ။ တကယ်လို့များ မတော်တဆ ကြုံတွေ့ရမယ်ဆိုရင် လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။
လေယာဉ် ပျက်ကျတယ်ဆိုတာ လေယာဉ်တစီးနဲ့ တစီး ပျက်ကျပုံခြင်း မတူနိုင်လို့ ရှောင်ရှားဖို့ ခက်တယ်ဆိုပေမယ့် ကြိုတင်ကာကွယ်လို့ ရမယ့် နည်းလမ်းတွေ ရှိပါတယ်။ လေယာဉ်တွေက ပျက်ကျတဲ့ ပုံစံတွေ မတူနိုင်လို့ တရားသေ မှတ်ထားလို့ မရပေမယ့် အခုပြောပြမယ့် နည်းလမ်းတွေကို လိုက်နာမယ်ဆိုရင် အသက် ရှင်သန်နိုင်ချေ ၉၅ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
အဓိက အရေးကြီးတာကတော့ ထိုင်ခုံနေရာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ လေယာဉ်ပျက်ကျမှု တခုမှာ ထိုင်ခုံနေရာတွေကို ပျှမ်းမျှတွက်ကြည့်တဲ့ အခါမှာတော့ လေယာဉ်ရဲ့ နောက်ဘက်အတန်းရဲ့ အရှေ့ဘက်ခုံတွေက သေဆုံးမှု ပိုပြီး မြင့်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
နောက်ထပ် တချက်က ထိုင်ခုံနေရာယူတဲ့အခါ အမြဲ အရေးပေါ် ထွက်ပေါက်ရဲ့ ၅ တန်းမြောက်ခုံကို ယူဖို့လိုအပ်ပါတယ်။ လေယာဉ်ပျက်ကျမှုတခုမှာ အသက်ရှင်သန်ခဲ့တဲ့ လေယာဉ်မယ် Cheryl Schwartz က လေယာဉ်ပေါ် ရောက်တာနဲ့ အရေးပေါ် ထွက်ပေါက်ဆီ ပြေးရမယ့် လမ်းကို ကြိုတင်ရှာထားဖို့နဲ့ သေချာအောင် စစ်ဆေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
လေယာဉ် ဖွဲ့စည်းပုံကို ရင်းနှီးပြီး ဖြစ်ရင်တောင် ပေါ့ပေါ့ဆဆ မနေသင့်ဘူးလို့ အကြံပေးထားပါတယ်။ လေယာဉ်မှာ မီးခိုးငွေ့တွေ များလာတဲ့ အခါမျိုးတွေ မဖြစ်ခင်ကတည်းက ထွက်ပေါက်နေရာကို မှန်းဆပြီး ဖြစ်နေရမယ်လို့ ဆိုပါတယ်။
ဝတ်စားဆင်ယင်မှုကလည်း အရေးကြီးပါတယ်။ လေယာဉ် မတော်တဆမှုတွေမှာ ကြုံတွေ့ရလေ့ ရှိတဲ့ မီးလောင်ခြင်းနဲ့ မီးခိုးငွေ့ကြောင့် အသက်သေဆုံးခြင်းတွေ မဖြစ်ပွားခင် ပြေးလွှားနိုင်ဖို့ လိုအပ်ပါတယ်။ ဥရောပနိုင်ငံများဆိုင်ရာ ခရီးသွားလာမှု လုံခြုံရေး အဖွဲ့ရဲ့ ပြောကြားချက်အရ လေယာဉ်ပေါ်မှာ ဗုံးပေါက်ကွဲတာမျိုးကလွဲရင် လေယာဉ် မတော်တဆမှုတိုင်းဟာ အသက်ရှင်နိုင်ချေ ၉၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဒေါက်မြင့်ဖိနပ်တွေ၊ စကပ်အတိုတွေနဲ့ ကြပ်တဲ့ အဝတ်တွေကို မဝတ်ဖို့ မြို့ပြလေကြောင်း ကျန်းမာရေးအဖွဲ့အစည်းက ဆိုပါတယ်။ မီးလောင်လွယ်တဲ့ အဝတ်တွေကို မဝတ်ဖို့နဲ့ ဝတ်လေ့ဝတ်ထရှိတဲ့ အဝတ်တွေကိုသာ ဝတ်ဆင်သင့်ပါတယ်။
လေယာဉ်မောင်၊ မယ်တွေရဲ့ စကားနဲ့ လေယာဉ်မှူးရဲ့ စကားကို နားထောင်ပါ။ သူတို့ဟာ သင့်ရဲ့ အသက်အန္တရာယ်ကို ကယ်တင်ဖို့ အကောင်းဆုံး ကူညီပေးကြမှာဖြစ်လို့ စိတ်ပူတာတွေကို လျှော့ပြီး စကားနားထောင်ဖို့ လိုအပ်ပါတယ်။ လေယာဉ် မတော်တဆမှု တော်တော်များများဟာ လေယာဉ်ထွက်ပြီး ၃ မိနစ်အတွင်းနဲ့ လေယာဉ် မဆင်းသက်ခင် ၈ မိနစ်အတွင်း ဖြစ်တတ်တာကြောင့် အဲဒီအချိန်တွေမှာ အာရုံထွေပြားစေမယ့် အရာတွေကို မလုပ်သင့်ပါဘူး။
ဒါမှသာ အကြောင်း တစုံတရာရှိခဲ့ရင် သင့်အသက်ကို သင် ဂရုစိုက်နိုင်မှာ ဖြစ်ပါတယ်။
Ref; lifehacker
You May Also Like These Stories:
ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းချော်မှု ၁၈ ဦး ဆေးရုံတက်ကုသနေ
လေယာဉ် မတော်တဆမှု အတွက် MNA တောင်းပန်
ဘိုးအင်း 737 MAX အသုံးပြုမှု ရပ်ဆိုင်းထားရန် တရုတ်အမိန့်ထုတ်