မိန်းကလေးတို့ သဘာဝ မိတ်ကပ်ကောင်တာ ရောက်ပြီဆိုရင် ကောင်တာမှာ တင်ထားသမျှ Tester တွေကို အကုန်လုံးနီးပါး စမ်းကြည့်ချင်ကြတယ် မဟုတ်လား။ နှုတ်ခမ်းနီဆိုလည်း အရောင်စုံလိုက် ဆိုးကြည့်ချင်တာ၊ ပါးနီဆိုလည်း စမ်းလိမ်းကြည့်ချင်သေးတာ၊ Cushion လေးကရော ငါ့အသားရောင်နဲ့ လိုက်ရဲ့လား ဆိုပြီး လိမ်းကြည့်ချင်တာ မှန်ပေမယ့် စမ်းသုံးဖို့ပေးထားတဲ့ ဒီပစ္စည်းတွေက သင်တယောက်တည်း သုံးကြည့်ခဲ့တာ မဟုတ်ပါဘူး။
တနေ့ တနေ့ မိတ်ကပ်ကောင်တာကို လာသမျှ မိန်းကလေးတိုင်း သုံးသွားတယ်ပဲ စဉ်းစားကြည့်ရင်တောင် ဒီလို စမ်းသုံးဖို့ ပေးထားတဲ့ ပစ္စည်းတွေဟာ စမ်းသုံးကြည့်ဖို့ မသင့်တော်တော့ပါဘူး။ တယောက်နဲ့ တယောက် ဝေမျှ သုံးလို့ မရတဲ့ထဲမှာ အထူးသဖြင့် မိတ်ကပ်ပစ္စည်းတွေက အဆိုးဆုံးပါပဲ။ တခြားတယောက် ဆိုးသွားတဲ့ နှုတ်ခမ်းနီကို သင် ထပ်ဆိုးကြည့်တာနဲ့ ဓာတ်မတည့်တာမျိုး ဖြစ်လာနိုင်ပါတယ်။
မိတ်ကပ်ကောင်တာတွေမှာ ရှိတဲ့ Tester တွေကို စမ်းသပ်ကြည့်တဲ့အခါ အသားရေ ရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုး တွေ့ရှိတာမို့ ဒီပစ္စည်းတွေကို စမ်းသုံးကြည့်မိမယ်ဆိုရင် အသားရေ ယားယံတာ၊ ဝက်ခြံပေါက်တာမျိုး ဖြစ်လာနိုင်တယ်လို့ ဓာတုသိပ္ပံဌာနမှ တာဝန်ရှိသူတဦးက ဆိုပါတယ်။
တချို့ပစ္စည်းတွေမှာဆိုရင် အသက်ရူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းပိုး ဝင်နိုင်တဲ့ ဘက်တီးရီးပိုးတွေ၊ အစာအိမ်နဲ့ အူ ရောင်ရမ်းစေမယ့် ဘက်တီးရီးယားတွေတောင် တွေ့ရတယ်လို့ ဆိုပါတယ်။ တချို့ပစ္စည်းတွေမှာတော့ တယောက်နဲ့ တယောက် ထိတွေ့မှုကနေ ကူးစက်တဲ့၊ ရေယုန်ဖြစ်စေတဲ့ မှို အမျိုးအစားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။
ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ ဘယ်လောက်ထိကြာအောင် ရှင်သန် ပေါက်ဖွားနိုင်လဲ။ အစမ်းသုံး မိတ်ကပ် Tester တွေမှာ ကူးစက်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ ၄၈ နာရီကနေ ၇၂ နာရီအတွင်း ရှင်သန်ပေါက်ဖွားနေနိုင်ပါတယ်။ အစိုဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ရနေရင် ဘက်တီးရီးယားတွေ ပိုပွားများလာတတ်လို့ အစမ်းသုံး မိတ်ကပ်ပစ္စည်းတွေကို မကြာခဏ လဲပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ပူအိုက် စွတ်စိုတဲ့ ရာသီဥတု အခြေအနေမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားနှုန်း ပိုမြန်တာမို့ မိတ်ကပ်ပစ္စည်းတွေ ထားတဲ့နေရာကို ခြောက်သွေ့ပြီး အေးမြနေအောင် အဲကွန်းအအေးချိန် ၁၈ ဒီဂရီ ဆဲလ်စီးယက်စ် ကနေ ၂၃ ကြား၊ စိုထိုင်းမှုပမာဏကို ၆၀ ၊ ၆၅ ရာခိုင်နှုန်းလောက်မှာပဲ ထိန်းထားသင့်တယ်လို့ အကြံပြုပါတယ်။
မိတ်ကပ်ပစ္စည်းတွေထဲမှာ ဘက်တီးရီးယား အလွယ်တကူ ပေါက်ဖွားမှုနှုန်း အမြင့်ဆုံးတွေကတော့ Moisturizers၊ မိတ်ကပ်အရည်၊ Face Mask ၊ Loose Powder Foundation၊ နှုတ်ခမ်းနီ၊ Lip Gloss ၊ Cushion Foundation၊ ပါးနီနဲ့ မျက်တောင်ကော့ဆေးတွေ ကတဆင့် အလွယ်တကူ ကူးစက်လွယ်ပါတယ်။ Eyeliner၊ Eye Shadow နဲ့ Eyebrow Pencil တွေက ဘက်တီးရီးယား ပေါက်ဖွားမှု နည်းလို့ အသင့်အတင့် စိတ်ချရပါတယ်။
Ref: CNA Lifestyle
You may also like these stories:
ညီအစ်မတွေ အတူတကွ ကြည့်ရှုသင့်တဲ့ ရုပ်ရှင် ၃ ကား
ရုပ်ရှင်ထဲမှာပါတဲ့ သွေးအတုတွေကို ဘယ်လို လုပ်လဲ
စိတ်ဖိစီးမှု များနေပြီ ဆိုတာပြတဲ့ ရောဂါလက္ခဏာတွေ
ဝက်ခြံ အမာရွတ်တွေ အချိန်တိုအတွင်း ပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းလမ်းများ