လမ်းဘေးခွေး ပြဿနာဟာ ရန်ကုန်မြို့မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲက တခုဖြစ်နေပါတယ်။ ခွေးချစ်သူတွေကလည်း လမ်းဘေးခွေးတွေကို ထိန်းသိမ်းမယ့် ကိစ္စနဲ့ အဆိပ်ချမယ့် ကိစ္စတွေကို ဆန့်ကျင်တာမျိုးတွေ ဆက်တိုက်လုပ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ လမ်းဘေးခွေးတွေကို ဘယ်လို ပုံစံနဲ့ ထိန်းသိမ်းကြသလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) မွေးစားခြင်း
အမေရိကန်နိုင်ငံမှာတော့ လမ်းဘေးက ခွေးလေ ခွေးလွင့်တွေကို တိရစ္ဆာန်ထိန်းသိမ်းရေး အဖွဲ့တွေက ဖမ်းဆီးပြီး ထိန်းသိမ်းရေး ဂေဟာတွေမှာ စောင့်ရှောက်ထားကြပါတယ်။ မွေးစားချင်တဲ့ မိသားစုတွေက အဲဒီ ဂေဟာတွေကို သွားပြီး ခေါ်ယူမွေးစားရုံပဲ ဖြစ်ပါတယ်။ ခွေးချစ်သူတွေ အနေနဲ့ အခုလက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေ လျော့ချချင်တယ် ဆိုရင်တော့ အမေရိကန်နိုင်ငံမှာ ကျင့်သုံးတဲ့အတိုင်း လမ်းဘေးခွေးတွေကို ခေါ်ယူ မွေးစားသင့်ပါတယ်။
(၂) ညင်သာစွာ ဇီဝိန် ခြွေပေးခြင်း
အနည်းငယ် ရက်စက်တယ်လို့ ထင်နိုင်ပေမယ့် ခွေးလေခွေးလွင့်တွေရဲ့ မျိုးပွားမှုနှုန်းကို ရပ်တန့်နိုင်ဖို့ လုပ်ဆောင်နိုင်တဲ့ အခြားနည်းလမ်း တခုကတော့ ညင်သာစွာ ဇီဝိန်ခြွေပေးခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ရုရှားနိုင်ငံမှာ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပဖို့ အတွက် လမ်းဘေးခွေး ရာနဲ့ချီပြီး အဆိပ်ခတ်သတ်ခြင်းတွေ ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ နေ့စဉ် ဓာတ်လိုက်စေတဲ့ နည်းတဲ့ လမ်းဘေးခွေးတွေကို ရှင်းလေ့ရှိပါတယ်။ ဒီနည်းလမ်းကတော့ အတော်ရက်စက်တဲ့ နည်းလမ်းဖြစ်လို့ အသုံးပြုဖို့ မတိုက်တွန်းလိုပါဘူး။
(၃) သင်းကွပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း
ဖမ်းခြင်း၊ သင်းကွပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း နည်းလမ်းကတော့ အသုံးအဝင်ဆုံး နည်းလမ်း တခုလို့ ဆိုနိုင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းကြောင့် ခွေးရူးပြန်ရောဂါ ဖြစ်ပွားနိုင်ချေ နည်းပါးလာနိုင်ပါတယ်။ ကမ္ဘာကျန်းမာရေး အဖွဲ့အစည်းက ဦးဆောင်ပြီး ပြုလုပ်ခဲ့တဲ့ ကာကွယ်ဆေးထိုးခြင်း နည်းလမ်းကြောင့် လက်တင်အမေရိကမှာ ခွေးရူးပြန်ရောဂါကို နှစ် ၂၀အတွင်း ၉၃ ရာခိုင်နှုန်း လျော့ချနိုင်တယ်လို့ သိရပါတယ်။
၁၉၉၄ ခုနှစ်နဲ့ ၁၉၉၅ ခုနှစ်အတွင်းမှာ အိန္ဒိယနိုင်ငံ တနိုင်ငံတည်းမှာပဲ လမ်းဘေးခွေးတွေကို သင်းကွပ်ခဲ့တာကြောင့် လမ်းဘေးခွေး သားပေါက်နှုန်းကို ၇၀ ရာခိုင်နှုန်း အထိ လျော့ချနိုင်ခဲ့ပါတယ်။ သင်းကွပ်ခြင်းနဲ့ ကာကွယ်ဆေးထိုးခြင်း နည်းလမ်းတွေကို ထိရောက်အောင် ပြုလုပ်နိုင်မယ်ဆိုရင်တော့ လမ်းဘေးခွေးတွေ ကို သိသာအောင် လျော့ချနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။
Ref; borgenproject
You may also like these stories:
တနိုင်တပိုင် အမှိုက်ကောက်ရာကနေ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သံတမန်ဖြစ်လာတဲ့ မိန်းကလေး
လူမဟုတ်ဘဲ အရာဝတ္ထုပစ္စည်းတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ထူးထူးဆန်းဆန်း ပုဂ္ဂိုလ်များ
အိပ်တဲ့အခါ သံပရာသီးစိတ်ကို အိပ်ရာအနီး ထားပေးရုံနဲ့ ရရှိမယ့် ကျန်းမာရေး ကောင်းကျိုးများ
တောင်အာဖရိကမှာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး တရားစွဲမှာ မဟုတ်ကြောင်း အာနိုးပြော