နေရဲ့ အလင်းရောင်ဟာ လူသားတွေအတွက် ကျန်းမာရေးအရရော နေ့စဉ် ရှင်သန်လှုပ်ရှားမှုအတွက်ပါ အရေးကြီးပြီး သဘာဝတရားက ပေးစွမ်းထားတဲ့ အရာတခုပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေမှာ နေမထွက်တဲ့ နိုင်ငံရယ်လို့ မရှိပေမယ့် အခုဖော်ပြပေးမယ့် နော်ဝေနိုင်ငံက Rjukan မြို့မှာတော့ ၅ လတိုင်တိုင် နေအလင်းရောင်နဲ့ ကင်းကွာခဲ့ရပါတယ်။
နော်ဝေနိုင်ငံ၊ Oslo မြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ Rjukan ဆိုတဲ့ မြို့ငယ်လေးကို ကမ္ဘာ့အမှောင်မိုက်ဆုံး နေရာတခုရယ်လို့ ခေါ်ဆို သတ်မှတ်ထားကြပါတယ်။ နေထိုင်သူပေါင်း ၃ ထောင်ကျော် ဝန်းကျင်ခန့်ရှိတဲ့ ဒီမြို့ငယ်လေးမှာတော့ ၁၀၄ မီတာ မြင့်မားတဲ့ ရေတံခွန် တခုရှိပြီး အဲဒီ ရေတံခွန်ကနေပဲ ပမာဏ များပြားတဲ့ ရေအားလျှပ်စစ်ကို ထုတ်ယူ သုံးစွဲနေနိုင်တာပါ။
မြို့လေးရဲ့ ပတ်ပတ်လည်မှာ မြင့်မားတဲ့ တောင်တန်းတွေ ဝန်းရံနေတာကြောင့် နေရဲ့ အလင်းရောင်ကို တိုက်ရိုက် မရရှိတာဖြစ်ပြီး နေအလင်းရောင် မရရှိတဲ့ လတွေမှာတော့ နော်ဝေငွေ ၅ သန်းခန့် တန်ဖိုးရှိတဲ့ ဆိုလာပြားနဲ့ မှန်ချပ်တွေကို အသုံးပြုကာ နေအလင်းရောင်ကို ရရှိအောင် ပြုလုပ်ကြရပါတယ်။ မြို့ရဲ့ နေရောင်ခြည် ကျရောက်နိုင်တဲ့ နေရာတွေမှာ ၄၅၀ မီတာခန့်ရှိတဲ့ ဆိုလာပြားနဲ့ မှန်ချပ်တွေကို ထောင်ကာ မြို့ရဲ့ နေရာအနှံ့ နေရောင်ခြည် ရရှိအောင် ကြိုးစား ဖန်တီးယူကြရတာလည်း ဖြစ်ပါတယ်။
ဒီမြို့ မှာ နေထိုင်တဲ့ မြို့ခံတဦးနဲ့ မေးမြန်းခဲ့တဲ့ အင်တာဗျူး တခုမှာတော့ “ နေရောင် မရလို့ ဘာမှ မလုပ်ဘဲ ထိုင်နေတာမျိုးတော့ မဟုတ်ပါဘူး။ သဘာဝ နေရောင်ခြည်လို ခန္ဓာကိုယ်ကို လုံလောက်တဲ့ နွေးထွေးမှု မပေးနိုင်ပေမယ့် မြို့သူ မြို့သားတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်တော့ သင့်တင့် လျောက်ပတ်တဲ့ နေရောင်ခြည်မှာ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကို ရရှိရပါတယ်”လို့ ပြောပါတယ်။
ဒီလို ဆိုလာမှန်ချပ်တွေ အသုံးပြုဖို့ စိတ်ကူးကို ရရှိခဲ့သူကတော့ မြို့ကို တည်ထောင်ခဲ့တဲ့ မစ္စတာ Sam Eyde ဆိုသူပဲဖြစ်ပြီး ဒီစိတ်ကူးကို အကောင်အထည် ဖော်ခဲ့သူကတော့ Martin Andersen ဆိုတဲ့ အနုပညာရှင်တဦးပဲ ဖြစ်ပါတယ်။
ကမ္ဘာ့အမှောင်မိုက်ဆုံး နေရာတခုကနေ ဆိုလာမှန်ချပ်တွေကို အသုံးပြုကာ နေရောင်ခြည် ရရှိအောင် ဖန်တီးနိုင်မှုကြောင့် လက်ရှိမှာ ဒီမြို့ငယ်လေးဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ စိတ်ဝင်တစား လည်ပတ်မှုကို ရရှိနေတာလည်း ဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
ပလတ်စတစ်ဘူးခွံပေါင်း ၁ သိန်းကို အသုံးပြုပြီး ကျွန်းတခု ဖန်တီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား
ကမ္ဘာ့အကြီးမားဆုံး ရေအောက်စားသောက်ဆိုင်ကို နော်ဝေးနိုင်ငံတွင် ဖွင့်လှစ်