အိန္ဒိယနိုင်ငံ၊ ကိုချီမြို့က “Pappadavada” လို့အမည်ရတဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင်ဖြစ်သူ Minu Pauline ဆိုတဲ့ အမျိုးသမီးဟာ အိမ်ခြေရာမဲ့တွေ အပါအဝင် စားစရာ လိုအပ်နေသူတိုင်း အလကားယူစားနိုင်ဖို့ သူမရဲ့ ဆိုင်ရှေ့မှာ ရေခဲသေတ္တာတလုံးထားကာ စားစရာတွေ ဖြည့်ဆည်းပေးနေတာ ဖြစ်ပါတယ်။
ညဘက် ဆိုင်သိမ်းချိန်မှာ သူ့ဆိုင်ရှေ့မှာရှိတဲ့ အမှိုက်ပုံးတွင်းက စားကြွင်းစားကျန်တွေကို အိမ်ခြေရာမဲ့တွေ ရှာဖွေ စားသောက်နေပုံကို တွေ့မြင်ခဲ့ရာကနေ ဒီလိုမျိုးပြုလုပ်ပေးဖို့ အကြံဉာဏ်ရခဲ့တာပါ။
စားသောက်ဆိုင်မှာ ကြွင်းကျန်ပေမယ့် အကောင်းအတိုင်းရှိနေသေးတဲ့ အစားအစာတွေကို သေချာစီမံ ပြုလုပ်ပြီးမှ ရေခဲသေတ္တာထဲမှာ ထားရှိပေးတာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ကနေ ပိုလျှံနေတဲ့ အစားအစာတွေကို တရက်မှာ စားစရာအထုပ်ပေါင်း ၇၀ ကနေ ၈၀ လောက်အထိ ထားရှိပေးနေတာဖြစ်ပြီး စားစရာအထုပ်တွေ ကုန်သွားတိုင်းလည်း ထပ်မံဖြည့်တင်းပေးနေတာပါ။
စားစရာ လိုအပ်နေသူတွေအနေနဲ့ ဆိုင်ရှေ့က ရေခဲသေတ္တာထဲကနေ ကိုယ်တိုင်ယူစနစ်နဲ့ ယူကာ စားသုံးရမှာဖြစ်ပြီး တပတ်လုံးမှာ ၂၄ နာရီလုံးလုံး စားစရာတွေကို ဖြည့်ဆည်းပေးနေတာလည်း ဖြစ်ပါတယ်။
ဒီလိုမျိုး ပြုလုပ်ပေးတာနဲ့ပက်သက်ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ Minu Pauline က “ လူအများစုဟာ အစားအစာတွေကို တနည်းမဟုတ် တနည်းနဲ့တော့ ဖြုန်းတီးမိနေကြတာပါပဲ။ သတိမထားမိလို့သာ ဖြစ်မှာပါ။ အခု ကျမ လုပ်လိုက်တဲ့ ဒီနည်းလမ်းကတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ နည်းလမ်းတခုလို့လည်း မြင်မိပါတယ်”
“ပိုက်ဆံရှိလို့ ပိုက်ဆံဖြုန်းတီးကြတာက ကျမကိစ ္စမဟုတ်ပါဘူး။ အစားအစာတွေဟာ ကမ္ဘာကြီးကနေပေးတဲ့ အရင်းအမြစ် တခုပါ။ ဒီအရင်းအမြစ်တွေကို ဖြုန်းတီးမယ့်အစား အကျိုးရှိတဲ့နေရာမှာသာ အသုံးပြုလိုက်ရင် အားလုံးအတွက် အဆင်ပြေမှာပါ”လို့ Viral Indian Daily သတင်းစာနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။
ဒီလိုစားစရာတွေ ထားရှိပေးရာမှာ သူ့အနေနဲ့ ပြီးစလွယ် ပြုလုပ်တာမျိုး မဟုတ်ဘဲ အကောင်းအတိုင်း ရှိတဲ့ စားကြွင်းစားကျန်တွေကို ပြန်လည်ချက်ပြုတ်တဲ့ ရက်စွဲအတိအကျနဲ့ ကုန်ဆုံးမယ့် ရက်တို့ကိုပါ စားစရာအထုပ်မှာ တပါတည်း ကပ်နှိပ်ပေးတာပဲ ဖြစ်ပါတယ်။
Ref. en.goodtimes.my