အိန္ဒိယနိုင်ငံ၊ Assam ပြည်နယ်က ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတခုမှာ ကျောင်းလခအစား စွန့်ပစ်ထားတဲ့ ပလတ်စတစ်ပစ္စည်း (အမှိုက်) တွေ ကောက်ယူလာပေးရုံနဲ့ စာသင်နိုင်မယ့် အခွင့်အရေးတခု ရှိနေပါပြီ။
၂၀၁၆ ခုနှစ်လောက်ကတည်းက Parmita Sarma နဲ့ Mazin Mukhtar ဆိုတဲ့ လူငယ်နှစ်ဦးက Akshar Foundation School ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကျောင်းတက်ချင်တဲ့ ဘယ်ကလေးငယ်မဆို ကျောင်းလခငွေအစား ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေသာ ကောက်ယူခဲ့ဖို့ တအိမ်တက်ဆင်း လိုက်လံပြောကြားခဲ့တာဖြစ်ပါတယ်။
Assam ပြည်နယ်၊ Pamohi ဒေသမှာရှိတဲ့ ကလေးအများစုဟာ ကလေးအလုပ်သမားတွေ ဖြစ်တာကြောင့် စာသင်ဖို့ အခက်အခဲ ရှိကြတဲ့အပြင် ကျောင်းလခလည်း မပေးသွင်းနိုင်ကြပါဘူး။ သူတို့နေထိုင်ရာ ပတ်ဝန်းကျင်မှာဆိုရင်လည်း ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေဟာ အမြဲလိုလို တောင်ပုံရာပုံ ပွထနေကြတာကြောင့် ဒီပလတ်စတစ်တွေကို ရှင်းလင်းနိုင်ဖို့ရော စာသင်ကြားပေးနိုင်ဖို့ပါ ရည်ရွယ်ပြီး အခုလို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီစာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားဦးရေဟာ အယောက် ၁၀၀ ကျော်ခန့်ရှိပြီး နေ့စဉ် ကျောင်းလာတက်တိုင်း သူတို့အိမ်၊ ပတ်ဝန်းကျင်က ပလတ်စတစ်တွေကို ကောက်ယူလာရတာပါ။
ကျောင်းသားတွေ ကုန်ကျစရိတ် မရှိစေဖို့ စာသင်ကျောင်းအနေနဲ့ သင်ထောက်ကူပစ္စည်း၊ စာအုပ် စတာတွေကိုပါ ထောက်ပံ့ပေးထားတာဖြစ်ပြီး စာသင်ကျောင်းဘက်က တောင်းဆိုတာတခုကတော့ ပလတ်စတစ်တွေကို မီးမရှို့ဖို့၊ အမှိုက်မချဖို့နဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို တတ်နိုင်သလောက် ကောက်ယူလာပေးဖို့ပဲ ဖြစ်ပါတယ်။
ကျောင်းသားတွေ ကောက်ယူလာတဲ့ ပလတ်စတစ်တွေကို ပြန်လည်အသုံးချပုံ၊ Recycle နည်းလမ်းတွေကို ကျောင်းကနေ သင်ကြားပေးပြီး ပလတ်စတစ်ပစ္စည်းတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက် ပုံတွေကိုပါ အသိပညာပေးနေတာလည်း ဖြစ်ပါတယ်။
Akshar Foundation School အနေနဲ့ ၅ နှစ်အတွင်း အိန္ဒိယရဲ့ နေရာအနှံ့အပြားမှာ ဒီလိုစာသင်ကျောင်းပေါင်း ၁၀၀ ခန့် ပေါ်ပေါက်လာရေးကို ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Ref. brightside.me
You may also like these stories:
Lesswalk အဖွဲ့မှ မြန်မာကျောင်းသားများ အတွက် စက်ဘီး အစီး ၁သောင်း လှူမည်
ပလတ်စတစ် ညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ နိုင်ငံတကာမှာ တီထွင်အသုံးပြုလာကြတဲ့ အသုံးပြုမှုများ
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း
ပလတ်စတစ်ဘူးခွံပေါင်း ၁ သိန်းကို အသုံးပြုပြီး ကျွန်းတခု ဖန်တီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား