ကမ္ဘာပေါ်မှာ ခွေးတွေကို အိမ်မွေး တိရစ္ဆာန်အဖြစ်နဲ့ ကြင်ကြင်နာနာ မွေးမြူလေ့ ရှိကြပါတယ်။ ခွေးတွေကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေ ထိုးပေးထားနိုင်မယ်ဆိုရင် ခွေးအတွက်သာမက လူအတွက်ပါ အန္တရာယ်ကင်းစေပါတယ်။ အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ခွေးတွေကို သာမန်ထက် ပိုပြီး ချစ်ခင်လေ့ ရှိတဲ့ မြို့တွေပါပဲ။
(၁) တဲလ်အဗစ်မြို့ (အစ္စရေးနိုင်ငံ)
ဂျေရုစလင်မြို့ ပြီးရင် တဲလ်အဗစ်မြို့ဟာ အစ္စရေးနိုင်ငံရဲ့ ဒုတိယမြောက် အထင်ရှားဆုံး မြို့တမြို့ပါ။ တဲလ်အဗစ်မြို့ရဲ့ လူ ၁၇ ယောက်မှာ ခွေး ၁ ကောင်နှုန်း အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးမြူလေ့ ရှိပါတယ်။ တကမ္ဘာလုံးနဲ့ နှိုင်းယှဉ်မယ် ဆိုရင်လည်း တဲလ်အဗစ်မြို့ဟာ ခွေးအများဆုံး မွေးမြူလေ့ ရှိတဲ့မြို့ ဖြစ်သလို မွေးထားတဲ့ ခွေးတွေကိုလည်း ကောင်းကောင်းမွန်မွန် ပြုစုတဲ့ မြို့ပါပဲ။
၂၀၁၆ ခုနှစ်တုန်းကတော့ တဲလ်အဗစ်မြို့ အနေနဲ့ သူတို့ရဲ့ ပထမဆုံးသော ခွေးပွဲတော်ကို ကျင်းပပေးခဲ့ပြီး အဲဒီပွဲတော်မှာတော့ ခွေးအမျိုးအစား အစုံအလင် ပါဝင်ခဲ့ပါတယ်။ ဟီဘရူး ဘာသာစကားနဲ့ဆိုရင် ခွေးကို Kelev လို့ခေါ်တဲ့အတွက် ပထမဆုံးအကြိမ် ကျင်းပတဲ့ ခွေးပွဲတော်ကို “Kelaviv” လို့ နာမည် ပေးခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ဆိုရင်လည်း သြဂုတ်လ ၂၆ ရက်နေ့ကို ခွေးနေ့အဖြစ် သတ်မှတ် ထားပါတယ်။ ဒါကြောင့်လည်း တဲလ်အဗစ်မြို့ အနေနဲ့ Kelaviv ပွဲတော်ကို နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။
(၂) အမ်စတာဒမ်မြို့ (နယ်သာလန်နိုင်ငံ)
နယ်သာလန်နိုင်ငံက အမ်စတာဒမ်မြို့မှာဆိုရင် စက်ဘီးစီးသူအများစုဟာ သူတို့ရဲ့ခွေးတွေကို စက်ဘီးခြင်းတွေထဲ ထည့်ပြီး သွားလေရာ ခေါ်ဆောင်သွားလေ့ ရှိကြပါတယ်။ ခွေးထည့်ဖို့ စက်ဘီးခြင်းတွေကိုလည်း သက်သောင့်သက်သာ ဖြစ်အောင် အထူးတလည် စီမံထားလေ့ ရှိကြပါတယ်။
(၃) တိုရွန်တိုမြို့ (ကနေဒါနိုင်ငံ)
တိုရွန်တိုမြို့ကို အလည်သွားမယ်ဆိုရင် နေရာအတော်များများမှာ ရှိနေကြတဲ့ ခွေးတွေကို တွေ့ရမှာပါ။ ခွေးတွေဟာ မရေတွက်နိုင်တဲ့ ကော်ဖီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ နေရာယူထားလေ့ ရှိကြပါတယ်။ ခွေးလည်ပတ် မတပ်ထားတဲ့ ခွေးတွေကို ထိန်းကျောင်းနိုင်ဖို့အတွက် ဆိုရင်လည်း ခွေးဥယျာဉ်ပေါင်း ၆၀ ထက် မနည်း ရှိပါတယ်။
ခွေးတွေကို ထိန်းကျောင်းနိုင်ဖို့ လုပ်ပေးထားတဲ့ဥယျာဉ်တွေထဲမှာ ထင်ရှားတဲ့ ဥယျာဉ်ကတော့ ချယ်ရီကမ်းခြေမှာရှိတဲ့ ခွေးဥယျာဉ်ပါပဲ။ အဲဒီဥယျာဉ်ကတော့ ပူအိုက်တဲ့ နွေရာသီလို အချိန်မျိုးတွေမှာ ခွေးတွေအပန်းဖြေနိုင်ဖို့ ပြုလုပ်ထားတာဖြစ်ပြီး အပူချိန်ကို လျှော့ချပေးထားတဲ့ ဥယျာဉ်တခုလည်း ဖြစ်ပါတယ်။
(၄) ဘာစီလိုနာမြို့ (စပိန်နိုင်ငံ)
ဘာစီလိုနာမြို့ရဲ့ အဓိကဆွဲဆောင်မှု တခုကတော့ Guell ပန်းခြံပါ။ ဘာစီလိုနာမြို့ကို ရောက်ခဲ့မယ်ဆိုရင် Guell ပန်းခြံက အချိန်ဖြုန်းလို့ အကောင်းဆုံး နေရာတနေရာပါ။ Guell ပန်းခြံမှာ အပန်းဖြေသူတွေအတွက် နောက်ထပ် ကံကောင်းစေမယ့် အချက်တချက်လည်း ရှိပါသေးတယ်။ အဲဒီအချက်ကတော့ ဘာစီလိုနာမြို့ မှာရှိတဲ့ ခွေးတော်တော်များများက Guell ပန်းခြံကို ရောက်လာလေ့ရှိတဲ့ အတွက်ကြောင့်ပါပဲ။
Miro’ ပန်းခြံကလည်း ခွေးလည်ပတ် တပ်တာကို ခွင့်မပြုတဲ့ နယ်မြေပါ။ အဲဒီပန်းခြံကတော့ ဟိုတယ် Villa Emilia အတွင်းမှာ ရှိပါတယ်။ အဲဒီဟိုတယ်ကို ရောက်သွားလို့ တည်းခိုဖြစ်တဲ့အခါ ကိုယ့်မှာ ပါလာတဲ့ ခွေးအတွက် ကိုယ်ပိုင်အိပ်ရာ တောင်းပေးဖို့ မမေ့ပါနဲ့။
Ref: Booking.com
You may also like these stories:
လူမှုကွန်ရက်မှာ ရေပန်းစားနေတဲ့ ဒူးရင်းသီးသည် ချစ်စရာခွေးလေး Jub Jib
“ထီပေါက်ရင် ခွေးတွေအတွက် ဂေဟာ ဆောက်ပေးချင်တယ်”လို့ မျိုးမျိုးခိုင် ပြော
“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော