Mobile Legends ဂိမ်းဟာ တကမ္ဘာလုံးက လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ဂိမ်းတခု ဖြစ်ပါတယ်။ တချို့ လူတွေဟာ ဂိမ်းကို စွဲလမ်းလွန်ပြီး အအိပ်ပျက်၊ အစားပျက်အောင် ဆော့လေ့ ရှိကြပါတယ်။ မကြာသေးခင်က ဖိလစ်ပိုင်နိုင်ငံက Facebook စာမျက်နှာတွေမှာ အမျိုးသားတဦးဟာ ဂိမ်းဆော့လွန်းရာက အူမကြီးကင်ဆာ အဆင့် ၄ ရှိတဲ့ ကင်ဆာ ရောဂါကို ခံစားနေရကြောင်း ပျံ့နှံ့ခဲ့ပါတယ်။
Michael Tumagan လို့ အမည်ရတဲ့ အမျိုးသားဟာ အခုအချိန်မှာ အူမကြီးကင်ဆာ အဆင့် ၄ ရှိတဲ့ ကင်ဆာကို ခံစားနေရပြီး ဒီလို ဖြစ်ရတာဟာ ဂိမ်းကို အရာရာထက် ဦးစားပေး ဆော့ခဲ့တာကြောင့်လို့ ဝန်ခံခဲ့ပါတယ်။ Michael Tumagan ဟာ ဂိမ်းထဲမှာ အဆင့်တွေ တက်ဖို့ အတွက် စားသောက်ချိန်တွေကို လျစ်လျူရှုခဲ့ပြီး လုံးဝ နေမကောင်းတဲ့ အခါမှာမှ ဆေးခန်းကို သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကံဆိုးစွာပဲ ဆေးရုံသွားပြတဲ့အချိန်မှာ ကင်ဆာကျိတ်က ရှိနေပြီး ဖြစ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူ့ရဲ့ အူမကြီးကင်ဆာကျိတ်ဟာ ခွဲထုတ်ဖို့ အတွက် အန္တရာယ်များလွန်းတာကြောင့် ခွဲစိတ်ဖို့ကို ဆုံးဖြတ်ရခက်နေသေးတယ်လို့ ဆရာဝန်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အလှူခံထားတဲ့ စာနဲ့ ရောဂါဖြစ်ပွားပုံတွေကို ဝန်ခံထားတဲ့ စာတွေကို ရေးသားထားပြီး လူမှုကွန်ရက် အသုံးပြုသူတွေကလည်း သနားတဲ့ အကြောင်းတွေနဲ့ ကိုယ်ချင်းစာတဲ့ အကြောင်းတွေကို မှတ်ချက်ပေးထားကြပါတယ်။