နိုင်ငံတနိုင်ငံရဲ့ ဆင်းရဲ၊ ချမ်းသာ စာရင်းကို ကောက်ယူတဲ့အခါမှာ သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ တဦးချင်းဝင်ငွေကို ကြည့်ပြီး ကောက်ယူလေ့ ရှိတတ်ကြပါတယ်။ လူနေထိုင်မှုစနစ်မှာ အရေးပါတဲ့ တဦးချင်း ဝင်ငွေကို စံချိန်တခုအဖြစ် ကြည့်ပြီး ဆင်းရဲ၊ ချမ်းသာ စာရင်းကို ဖော်ပြလေ့ ရှိကြပါတယ်။
အခုဖော်ပြပေးမယ့် အာရှရဲ့ အချမ်းသာဆုံးနိုင်ငံတွေရဲ့ စာရင်းမှာဆိုရင်လည်း သက်ဆိုင်ရာ နိုင်ငံသားတွေရဲ့ တဦးချင်း ဝင်ငွေအပေါ်မှာ အခြေခံပြီး ကောက်ယူထားတဲ့ စာရင်းတွေပါ။ ဒီနိုင်ငံတွေဟာ ၂၀၁၉ ခုနှစ်အတွက် အာရှမှာ အချမ်းသာဆုံးနိုင်ငံတွေပါ။
(၁) ကာတာနိုင်ငံ
ကာတာနိုင်ငံဟာ အနောက် အာရှဒေသအတွင်းမှာ တည်ရှိပြီး စော်ဘွားတွေ အုပ်ချုပ်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့ မြို့တော်ကတော့ ဒိုဟာမြို့တော်ပါ။ ကာတာနိုင်ငံဟာ တောင်ဘက်ပိုင်းမှာ ဆော်ဒီအာရေဗျနိုင်ငံ၊ အရှေ့၊အနောက်နဲ့ မြောက်ဘက်ပိုင်းတွေကတော့ ပါရှန်း ပင်လယ်ကွေ့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ ပါရှန်းပင်လယ်ကွေ့ကတော့ ကာတာနိုင်ငံနဲ့ ဘာရိန်းနိုင်ငံကို ပိုင်းခြားထားတဲ့ ပင်လယ်ကွေ့ကြီးပါပ။
ကာတာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို တတိယအများဆုံး ထုတ်လုပ် ရောင်းချနေတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ဝင်ငွေအများအပြား ရရှိနေတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ တခြား အာရပ်နိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ကာတာနိုင်ငံက အကောင်းဆုံး အာရပ်နိုင်ငံတနိုင်ငံဖြစ်ပြီး အလွန်မြင့်မားတဲ့ လူမှုဖူလုံရေး အညွှန်းကိန်းတွေ ရှိနေပါတယ်။
နိုင်ငံသားတဦးချင်းရဲ့ ဝင်ငွေက တနှစ်ကို အမေရိကန်ဒေါ်လာ ၆၅,၀၆၂ ဒေါ်လာ ရှိနေတဲ့အတွက်ကြောင့် အာရှရဲ့ အချမ်းသာဆုံးနိုင်ငံတွေရဲ့စာရင်းမှာ ကာတာနိုင်ငံက ထိပ်ဆုံးက ရှိနေပါတယ်။
(၂) စင်ကာပူနိုင်ငံ
အရှေ့တောင်အာရှ အတွင်းရှိတဲ့ စင်ကာပူနိုင်ငံကတော့ သေးငယ်တဲ့ ကျွန်းနိုင်ငံ တနိုင်ငံဖြစ်ပြီး မလေး ကျွန်းဆွယ်ရဲ့ တောင်ဘက်ဖျားမှာ တည်ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာဆိုရင်တော့ မလေးရှားနဲ့ စင်ကာပူနိုင်ငံကို ပိုင်းခြားထားတဲ့ Johor ရေလက်ကြားရှိပြီး တောင်ဘက်ပိုင်းမှာဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံနဲ့ Riau ကျွန်းတွေကို ပိုင်းခြားထားတဲ့ စင်ကာပူ ရေလက်ကြား တည်ရှိပါတယ်။
စင်ကာပူနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး ကဏ္ဍကို တတိယနေရာ ယူထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်သလို စင်ကာပူနိုင်ငံရဲ့ ဆိပ်ကမ်း ၅ ခုကလည်း ကမ္ဘာပေါ်မှာ အလုပ်အများဆုံး ဆိပ်ကမ်းစာရင်း ဝင်ပါတယ်။ ၂၀၁၀ ခုနှစ်အတွင်းမှာတော့ စင်ကာပူနိုင်ငံရဲ့စီးပွားရေးက လျင်လျင်မြန်မြန်ကြီးကိုပဲ တိုးတက်လာခဲ့ပါတယ်။ တဦးချင်း ဝင်ငွေကလည်း ၁၇ ဒဿမ ၉ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။
အခုဆိုရင်တော့ စင်ကာပူနိုင်ငံမှာဟာ အာရှမှာ ဒုတိယမြောက် အချမ်းသာဆုံး နိုင်ငံတနိုင်ငံဖြစ်လာခဲ့ပြီး တဦးချင်းဝင်ငွေကတော့ တနှစ်ကို အမေရိကန်ဒေါ်လာ ၆၂,၆၉၀ ဒေါ်လာ ရှိပါတယ်။
(၃) ဟောင်ကောင်မြို့
ဟောင်ကောင်ဟာ မြို့တမြို့သာဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အစိတ်အပိုင်းတခု ဖြစ်တဲ့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ တည်ရှိပါတယ်။ နယူးယောက်နဲ့ လန်ဒန်ပြီးရင် ဟောင်ကောင်ကလည်း စင်ကာပူနိုင်ငံလိုပဲ ကမ္ဘာ့စီးပွားရေးကဏ္ဍကို တတိယနေရာက ဦးဆောင်နေတဲ့ မြို့တမြို့ပါ။ ဟောင်ကောင်ဒေါ်လာကလည်း ကမ္ဘာ့ငွေကြေးဈေးကွက်မှာ တန်ဖိုးရှိတဲ့ ဒေါ်လာဖြစ်ပြီး ၂၀၁၀ ခုနှစ်တုန်းကတည်း ငွေကြေးဈေးကွက်မှာ ကမ္ဘာ့တန်ဖိုးရှိ ငွေကြေးအဖြစ် နံပါတ် ၈ နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း ဟောင်ကောင်ဟာ အာရှရဲ့ အချမ်းသာဆုံးစာရင်းမှာ တတိယနေရာက ရှိနေပြီး တဦးချင်းဝင်ငွေကတော့ တနှစ်ကို အမေရိကန်ဒေါ်လာ ၅၀,၂၁၆ ဒေါ်လာနီးပါး ရှိပါတယ်။
(၄) ဂျပန်နိုင်ငံ
ကျွန်းစုနိုင်ငံ တနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံကတော့ အာရှအရှေ့ပိုင်းက နိုင်ငံတနိုင်ငံပါ။ ဂျပန်နိုင်ငံဟာ အရှေ့ဘက်မှာ ပစိဖိတ်သမုဒ္ဒရာ၊ အနောက်ဘက်မှာ ဂျပန်ပင်လယ်နဲ့ တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ကိုရီးယားနဲ့ ရုရှားနိုင်ငံ အရှေ့ပိုင်းဒေသတွေနဲ့ ထိစပ်နေပါတယ်။
ဂျပန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေက ကောင်းမွန်တဲ့ အဆင့်တခုမှာ ရှိနေပြီး နှစ်စဉ်လိုလို တိုးလာနေပါတယ်။ စီးပွားရေး တိုးတက်တဲ့အတွက်ကြောင့်လည်း ဂျပန်နိုင်ငံသားတွေရဲ့ လူနေမှုဘဝ အဆင့်အတန်းက မြင့်မားပါတယ်။ အဓိက စီးပွားရေးကတော့ နည်းပညာအခြေခံတဲ့ စီးပွားရေးဖြစ်ပြီး ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေနဲ့ စက်ရုပ်ထုတ်လုပ်မှု နည်းပညာတွေကလည်း ဂျပန်နိုင်ငံကို စီးပွားရေးအင်အားကြီး နိုင်ငံတနိုင်ဖြစ်လာအောင် တွန်းပို့ပေးနေပါတယ်။ တဦးချင်းဝင်ငွေကတော့ တနှစ်ကို အမေရိကန်ဒေါ်လာ ၄၁,၈၃၄ ဒေါ်လာနီးပါး ရှိပါတယ်။
(၅) အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE)
အာရပ်စော်ဘွားများ ပြည်ထောင်စုကတော့ ဖက်ဒရယ်စနစ်ကို အခြေခံထားတဲ့ အာရပ်စော်ဘွား ၇ ယောက်အုပ်ချုပ်တဲ့ ဒေသ ၇ ခု နဲ့ဖွဲ့စည်းထားပါတယ်။ အဲဒီဒေသ ၇ခုလုံးဟာ ရေနံချမ်းသာတဲ့ ဒေသတွေပါပဲ။
အာရပ်စော်ဘွားများ ပြည်ထောင်စုမှာပါဝင်တဲ့ ဒေသ ၇ ခုကတော့ Abu Dhabi, Ajman, Dubai, Fujairah, Ras al-Khaimah, Sharjah နဲ့ Umm al-Qaiwain တို့ပါ။ အာရပ်စော်ဘွားများ ပြည်ထောင်စုရဲ့ မြို့တော်ကတော့ အဘူဒါဘီ (Abu Dhabi) မြို့တော်ပါ။ ဆော်ဒီအာရေဗျနဲ့ အီရန်နိုင်ငံတွေပြီးရင် အာရပ်စော်ဘွားများ ပြည်ထောင်စုက ကမ္ဘာပေါ်မှာ ရေနံကို တတိယအများဆုံး ထုတ်လုပ်ရောင်းချပါတယ်။
၁၉၇၃ ခုနှစ်အတွင်းမှာတော့ ရေနံကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး သဲကန္တာရ အတွင်းမှာရှိတဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စုဟာ နေ့ချင်း ညချင်းဆိုသလို ခေတ်မီတဲ့ ဒေသတခု ဖြစ်လာခဲ့ပါတယ်။ အဲဒီဒေသမှာနေထိုင်သူတွေရဲ့ ဘဝကလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်။
အခုဆိုရင်တော့ အာရပ်စော်ဘွားများပြည်ထောင်စုဟာ အာရှရဲ့ ပဉ္စမမြောက် အချမ်းသာဆုံးနိုင်ငံ တနိုင်ငံ ဖြစ်လာခဲ့ပြီး တဦးချင်းဝင်ငွေကတော့ တနှစ်ကို အမေရိကန်ဒေါ်လာ ၃၈,၉၆၁ ဒေါ်လာ နီးပါး ရှိပါတယ်။
နောက်ထပ် အာရှရဲ့အချမ်းသာဆုံးနိုင်ငံတွေကတော့ တောင်ကိုရီးယားဖြစ်ပြီး တဦးချင်းဝင်ငွေက ဒေါ်လာ ၃၃,၄၉၅ ၊ ဘရူနိုင်းနိုင်ငံက ဒေါ်လာ ၃၀,၂၉၇ ၊ ကူဝိတ်နိုင်ငံက ဒေါ်လာ ၂၈,၃၉၄ ၊ ထိုင်ဝမ်က ဒေါ်လာ ၂၆,၃၀၉ နဲ့ ဘာရိန်းနိုင်ငံက ဒေါ်လာ ၂၆,၀၈၃ တို့ ဖြစ်ကြပါတယ်။ အခု ဖော်ပြပေးခဲ့တဲ့ နိုင်ငံ ၁၀ နိုင်ငံဟာ ၂၀၁၉ ခုနှစ်အတွက် အာရှရဲ့ အချမ်းသာဆုံးနိုင်ငံတွေနဲ့ မြို့တွေပဲ ဖြစ်ပါတယ်။
Ref. Zenith-spot.com
You may also like these stories:
၂၀၁၉ ခုနှစ်အတွက် ပျားရည်ဆမ်းခရီးသွားလို့ကောင်းတဲ့ နေရာများ
အာရှတိုက်မှာ ရှိတဲ့ အလှဆုံး နိုင်ငံများ
ကမ္ဘာပေါ်က နေမဝင်တဲ့ နိုင်ငံများ