အမေရိကန်ပြည်ထောင်စု၊ ဟောလီးဝုဒ်ကတော့ ကမ္ဘာ့ပထမဆုံး ဂစ်တာပုံစံ ဟိုတယ်ကို စတင် ဆောက်လုပ်လိုက်ပါပြီ။ ဒီဟိုတယ်ကိုတော့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့မှာ စတင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဇူလိုင် ၂၄ ရက်နေ့ကနေစပြီး အခန်း ကြိုတင် မှာယူမှုကို ပြုလုပ်နိုင်ပါပြီ။
အဲဒီ ဟိုတယ်မှာဆိုရင် Rock and Roll လူနေမှုဘဝပုံစံတွေကို တည်းခိုသူတွေ အနေနဲ့ ခံစားလို့ရအောင် စီစဉ်ပေးထားပါတယ်။ ဂစ်တာပုံစံ ရှိတဲ့ ဒီဟိုတယ်ကို တည်ဆောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ သီချင်းချစ်သူတွေနဲ့ Rock ဂီတကို ချစ်မြတ်နိုးသူတွေအတွက်ပါ။ ဒီဟိုတယ်မှာ တည်းခိုသူတွေအနေနဲ့ Rock ဂီတရဲ့ လူနေမှုဘဝပုံစံကို ခံစားနိုင်မှာဖြစ်သလို ကာစီနိုနဲ့ ကော်ဖီဘားတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ပေ ၄၅၀ အမြင့်ရှိတဲ့ ဒီလို ဂစ်တာပုံစံ ဟိုတယ်တလုံးအတွက် သုံးစွဲရတဲ့ ငွေကြေးပမာဏကတော့ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ သန်း နီးပါး ရှိပါတယ်။ ဒီဟိုတယ်မှာဆိုရင် ၁၀ ဧက ကျယ်ဝန်းတဲ့ ရေကူးကန်လည်း ပါဝင်မှာဖြစ်သလို ၁၂၀၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ ဘားလည်း ပါဝင်ပါတယ်။ အဲဒီ ဘားကိုတော့ ဟို တယ်ရဲ့ ခေါင်မိုးပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဒီဟိုတယ်မှာ နောက်ထပ် ပါဝင်တဲ့ အရာတွေကတော့ ဈေးဆိုင်တွေ အများအပြားနဲ့ ၄၁,၀၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ဆေးဘက်ဝင်တဲ့ သတ္တုစမ်းရေ ပါဝင်တဲ့ အနားယူအပန်းဖြေစခန်းလည်း ပါဝင်ပါတယ်။
တည်းခိုသူတွေ စိတ်ကြိုက်ရွေးချယ် စားသောက်နိုင်ဖို့ စားသောက်ဆိုင်ပေါင်း ၁၄ ဆိုင် စီစဉ်ပေးထားပြီး ဒင်္ဂါးပြား ထည့်ပြီး ကစားရတဲ့ စက်အလုံးပေါင်း ၃,၀၀၀ နဲ့ ကာစီနို ကစားနိုင်ဖို့အတွက်လည်း အထူး စီစဉ်ပေးထားပါသေးတယ်။
အထူးတလည် စီစဉ်ပေးထားတာကတော့ ထိုင်ခုံပေါင်း ၇,၀၀၀ ပါဝင်တဲ့ ဖျော်ဖြေရေး စတိတ်စင်ကြီးပါ။ ဒီစတိတ်စင်ကတော့ ဂီတကို နှစ်သက်မြတ်နိုးသူတွေ ကြည့်ရှုခံစားလို့ရအောင် စီစဉ်ပေးထားတာဖြစ်ပြီး တနှစ်ကို ဖျော်ဖြေပွဲပေါင်း ၁၀၀ လောက်အထိ ကျင်းပနိုင်ဖို့အတွက်လည်း စီစဉ်ထားပါသေးတယ်။
အဲဒီ ဖျော်ဖြေပွဲမှာဆိုရင် နာမည်ကြီး ဂီတပညာရှင်တွေရဲ့ ဖျော်ဖြေပွဲတွေ ပါဝင်မှာဖြစ်သလို လက်ဝှေ့ပွဲ၊ ပြဇာတ်နဲ့ အခြား ဖျော်ဖြေရေးတွေကိုလည်း ကျင်းပဖို့ စီစဉ်ထားပါတယ်။
Ref. Indiatoday.com
You may also like these stories:
တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်
ကမ္ဘာ့ပထမဆုံး 8K OLED TV ကို ဒေါ်လာ ၄၂,၀၀၀ နဲ့ စတင် ရောင်းချ
ကမ္ဘာ့ပထမဆုံး ခေါက်ချိုးကွန်ပျူတာကို Lenovo ပြသ
ကမ္ဘာ့ပထမဆုံး ဆေးလိပ်ကင်းစင်ကမ်းခြေဖြစ်လာတဲ့ ဂရိနိုင်ငံက ကျွန်းတကျွန်း