လူသားတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု၊ စိတ်ရှုပ်ထွေးမှုတွေ မကြာခဏဆိုသလို ကြုံတွေ့ရတတ်ပြီး ရံဖန်ရံခါမှာတော့ သည်းမခံနိုင်လောက်တဲ့ ဒေါသထွက် ပေါက်ကွဲရမှုတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒီလို စိတ်ရှုပ်ထွေး မွန်းကြပ်မှုတွေနဲ့ ဒေါသထွက်စရာ အခြေအနေတွေကို ဖြေဖျောက်ပေးနိုင်ဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ လမ်းမတွေမှာ ဒေါသဖြေစရာ လက်ဝှေ့ထိုးအိတ်တွေ ထားရှိပေးထားပါတယ်။
ဒေါသထွက် ပေါက်ကွဲလာတဲ့အခါ တစုံတခုကို အားရပါးရ ထိုးနှက်လိုက်ရခြင်းက ဒေါသတွေကို အနည်းငယ် ဖြေဖျောက်ပေးနိုင်တယ်လို့ ယူဆရတာကြောင့် ဒီလို အဝါရောင် လက်ဝှေ့ထိုးအိတ်တွေကို ထားရှိပေးထားတာဖြစ်တယ်လို့ အဲဒီ လက်ဝှေ့ထိုး အိတ်တွေကို ဒီဇိုင်းဆွဲ ဖန်တီးခဲ့တဲ့ စတူဒီယိုက တာဝန်ရှိသူတဦးက ဆိုပါတယ်။
အဲဒီ လက်ဝှေ့ထိုးအိတ်တွေဟာဆိုရင် အခြားသော လက်ဝှေ့ထိုး လေ့ကျင့်တဲ့ Punching Bag တွေလို လုံးလုံးရှည်ရှည် ပုံသဏ္ဍာန်မျိုး မဟုတ်ဘဲ လေးထောင့်ကျကျ ဖန်တီးထားတာဖြစ်ပြီး “စိတ်ဖြေဖျောက်ဖို့ အကောင်းဆုံးနေရာ”လို့ အဓိပ္ပါယ်ရတဲ့ စာတမ်းကို အိတ်ရဲ့အလယ်မှာ ရေးသားထားတာ ဖြစ်ပါတယ်။
စိတ်ပင်ပန်းရမှု၊ စိတ်အလိုမကျမှုတွေကို ဖြေဖျောက်တဲ့အခါ တခြားသူတွေကို ထိခိုက်မှု မရှိရအောင် ဖန်တီးပြုလုပ်ပေးထားတဲ့ ဒီလက်ဝှေ့ထိုးအိတ်တွေဟာ လတ်တလောမှာတော့ နယူးယောက် မြို့သူ၊ မြို့သားတွေကြား ရေပန်းစားနေပြီး မြို့နေလူထုရဲ့ ချီးကျူးထောက်ခံမှုတွေကို ရရှိနေပါတယ်။
“ကျနော်တို့ဟာ လူသားတွေ ဖြစ်တာကြောင့် စိတ်ဖိစီးမှုတွေ၊ ဒေါသထွက်စရာတွေနဲ့ အမြဲလိုလို ထိတွေ့နေရပါတယ်။ လူတယောက် ဒေါသထွက် ပေါက်ကွဲလာတဲ့အခါ သူ့ပတ်ဝန်းကျင်ဟာလည်း မငြိမ်းချမ်းနိုင်ပါဘူး၊ ပတ်ဝန်းကျင်ကို ပတ်ရမ်းတတ်သူတွေဆို ပိုဆိုးပါသေးတယ်”
“ဒီလိုအခြေအနေမျိုးမှာ စိတ်ထွက်ပေါက်တခုအနေနဲ့ ထိုးနိုင်မယ့် Punching Bag တွေကို ထိုးလိုက်ခြင်းအားဖြင့် အနည်းငယ် စိတ်သက်သာရာ ရကောင်းရနိုင်မယ်လို့ ထင်ပါတယ်” လို့ ဒေါသဖြေ လက်ဝှေ့ထိုးအိတ်တွေကို ဖန်တီးခဲ့တဲ့ စတူဒီယိုမှ တာဝန်ရှိသူက ဆိုပါတယ်။
Ref. www.insider.com
နိုင်ငံတကာ ခရီးသွားတွေကို အစားအသောက်ကောင်းတွေနဲ့ ဆွဲဆောင်ဖို့ ကြိုးစားနေတဲ့ သီရိလင်္ကာနိုင်ငံ
ဂစ်တာပုံစံ ဆောက်လုပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး ဂစ်တာဟိုတယ်
ခရီးသွားရင် မပါမဖြစ် ယူသွားသင့်တဲ့ First Aid Kit (ခေါ်) “ကျန်မာရေးဆေးအိတ်”