အလှအပအတွက် ခွဲစိတ်ပြုပြင်တာ၊ Botox ထိုးတာ အစရှိတဲ့ အလှအပပြုပြင်မှုတွေဟာ ပိုက်ဆံ ရှိသူတိုင်း အလွယ်တကူ ပြုလုပ်နိုင်တဲ့ အရာပါ။ ဒီလိုပြုပြင် ခွဲစိတ်မှုတွေရဲ့ နောက်ကွယ်မှာ လှပချောမောလာမှုအပြင် မိမိ ခန္ဓာကိုယ်အတွက် အန္တရာယ် ရှိ၊ မရှိဆိုတာလည်း ထည့်စဉ်းစားရမယ့် ကိစ္စတခု ဖြစ်ပါတယ်။
အခု ဖော်ပြပေးမယ့် အသက် ၂၀ နှစ်အရွယ်၊ Megan Rixson ဆိုတဲ့ အမျိုးသမီးကတော့ မျက်တောင်တွေ ကော့ညွှတ် ရှည်လျားချင်တဲ့အတွက် မျက်တောင် သွားဆက်ရာကနေ မျက်လုံးကွယ်မလို ဖြစ်ခဲ့ရတာပါ။
သူဟာ မျက်တောင်ဆက် ဝန်ဆောင်မှုပေးတဲ့ Beauty Saloon တခုမှာ မျက်တောင် သွားဆက်ခဲ့ပြီး မျက်တောင် ဆက်နေတဲ့အချိန်မှာ သူ့ရဲ့ မျက်လုံးတွေ မခံမရပ်နိုင်အောင် ပူလာပြီး မျက်ရည်တွေ ကျလာခဲ့ပါတယ်။ မျက်လုံးတွေ စပ်ဖျဉ်း ပူလောင်လာတဲ့အတွက် မျက်တောင်ဆက်ပေးသူကို ပြောခဲ့ပေမယ့် ပုံမှန် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။
မျက်တောင် ဆက်ပြီးချိန်၂ နာရီအကြာမှာတော့ သူ့မျက်လုံးတွေဟာ ဘာမှမမြင်ရတော့တဲ့အထိ ဖြစ်ခဲ့ရပြီး မျက်လုံးတွေ ဖွင့်မရအောင် နာကျင် ပူလောင်နေခဲ့ပါတယ်။
အဲဒီ Beauty Saloon က ပြန်လည် ကုသပေးမယ်လို့ ပြောဆိုခဲ့ပေမယ့် သူက ငြင်းဆိုခဲ့ပြီး မျက်စိဆရာဝန်နဲ့သာ သွားရောက်ပြသခဲ့တာကြောင့် မျက်လုံးကွယ်မလို အခြေအနေကနေ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ မျက်စိဆရာဝန်ရဲ့ အဆိုအရ မျက်တောင် ဆက်တဲ့အခါ အသုံးပြုတဲ့ကော်ဟာ လက်သည်းကပ်ကော်တွေ ဖြစ်နေတာကြောင့် မျက်လုံးနဲ့ ဓာတ်မတည့်ဖြစ်ကာ ယာယီအမြင်အာရုံ ပျောက်ကွယ်မလို ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ အတွေ့အကြုံနဲ့ ပတ်သက်ပြီး “မျက်တောင်ဆက်တဲ့အခါ မိန်းကလေးတွေအနေနဲ့ အရမ်း ဂရုစိုက်သင့်ပါတယ်။ မျက်တောင်ဆက်တဲ့အခါ ဘယ်လို ကော်အမျိုးအစားကို သုံးမလဲဆိုတာ မေးသင့်ပြီး ကော်နဲ့ ဓာတ်မတည့်သူတွေ အနေနဲ့တော့ လုံးဝကို မဆက်သင့်ပါဘူး။ မျက်လုံး ကန်းတော့မလိုကနေ ပြန်ကောင်းခဲ့ပေမယ့် အခုချိန်ထိ ရောင်ကိုင်းပြီး နာကျင်နေသေးတာကြောင့် အားလုံးကို ဂရုစိုက်ကြဖို့ သတိပေးချင်ပါတယ်”လို့ Megan Rixson က သူ့ရဲ့ တွစ်တာ အကောင့်မှာ မျှဝေထားပါတယ်။
Ref. www.buzzfeednews.com
You may also like these stories:
ရှည်လျားကော့ညွတ်တဲ့ မျက်တောင်ရအောင် အိမ်မှာ အလွယ်တကူပြုလုပ်နည်း
မျက်ရည်ခမ်းခြောက်ခြင်းမရှိအောင် ၁ မိနစ်ကို အကြိမ် ၂၀ လောက် မျက်တောင်ခတ်ပေးသင့်
စမ်းသပ်ပြုလုပ်ကြည့်ဖို့ မသင့်တဲ့ အလှအပဆိုင်ရာ နည်းလမ်းများ
အလှကုန်ပစ္စည်းတွေရဲ့ သုံးစွဲသင့်တဲ့ သက်တမ်းများ