မျက်မှောက်ခေတ် ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင် မိုးမျှော် အဆောက်အဦတွေဟာ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေပါပြီ။ မပြီးသေးတဲ့ ဆောက်လက်စ အဆောက်အဦတွေလည်း အများအပြားပါပဲ။
၂၀၂၀ ခုနှစ်မှာ ပါဝင်မယ့် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတွေ စာရင်းမှာ အနောက်နိုင်ငံတွေ လုံးဝ မပါဘဲ အာရှနိုင်ငံတွေသာ ပါဝင်နေတာကလည်း အံ့သြစရာ အချက်တချက်ပါ။ အဲဒီ အဆောက်အဦ ၁၀ လုံး စာရင်းမှာ တရုတ်နိုင်ငံက အဆောက်အဦ ၆ လုံး၊ ဆော်ဒီအာရေဗျ နိုင်ငံက ၂ လုံး၊ အင်ဒိုနီးရှားနိုင်ငံက ၁ လုံးနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းမြို့က ၁ လုံးတို့ ပါဝင်တယ်။
အခုဖော်ပြပေးမယ့် အဆောက်အဦတွေကတော့ ၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦတွေထဲက ၅ လုံး အကြောင်းပါ။
(၁) Kingdom Tower (ဆော်ဒီအာရေဗျနိုင်ငံ)
Kingdom Tower ကတော့ ဆော်ဒီရေဗျနိုင်ငံ၊ Jeddah မြို့မှာ တည်ရှိပါတယ်။ ဒါကြောင့်လည်း Kingdom Tower ကို “Jeddah Tower” လို့လည်း ခေါ်ကြပါသေးတယ်။ ဒီအဆောက်အဦကိုတော့ ၂၀၁၃ ခုနှစ်ကနေ စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အပြည့်အဝ ပြီးစီးပါလိမ့်မယ်။ အဆောက်အဦရဲ့ အမြင့်က ၁ ကီလိုမီတာ (၃,၂၈၁ ပေ) ရှိပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦပါ။ အထပ်ပေါင်း ၁၆၈ ထပ် ပါဝင်ပြီး မြေအောက်ထပ် ၂ ထပ်လည်း ပါဝင်ပါတယ်။
(၂) Burj Khalifa (ဒူဘိုင်းမြို့)
“Burj Dubai” လို့လည်းခေါ်တဲ့ ဒီအဆောက်အဦကတော့ နောက်ဆိုရင် ကမ္ဘာ့ဒုတိယ အမြင့်ဆုံး အဆောက်အဦ တလုံး ဖြစ်လာပါတော့မယ်။ ဆော်ဒီအာရေဗျနိုင်ငံက “Kingdom Tower” မဆောက်လုပ်ခင် အချိန်ထိတုန်းကတော့ ဒီအဆောက်အဦကြီးဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦပါပဲ။ Kingdom Tower ကိုဆောက်လုပ်လိုက်တဲ့ အခါမှာတော့ ဒုတိယနေရာကို ရောက်သွားခဲ့ပါတယ်။
Burj Dubai အဆောက်အဦကို ၂၀၀၄ ခုနှစ်က စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ ပြီးဆုံးခဲ့ပါတယ်။ အဆောက်အဦရဲ့ အမြင့်ကတော့ ၈၂၈ မီတာ (၂,၇၁၂ ပေ) ရှိပါတယ်။ အထပ်ပေါင်း ၁၆၃ ထပ် ပါဝင်ပြီး မြေအောက်ထပ် ၁ ထပ် ပါဝင်ပါတယ်။
(၃) Suzhou Zhongnan Center (တရုတ်နိုင်ငံ)
Suzhou Zhongnan Center ကတော့ တရုတ်နိုင်ငံ၊ Suzhou မြို့မှာ တည်ရှိပါတယ်။ အမြင့် ၇၂၉ မီတာ (၂,၃၉၁ ဒဿမ ၇ ပေ) ရှိပြီး အထပ်ပေါင်း ၁၃၇ ထပ်နဲ့ မြေအောက်ထပ် ၅ ထပ် ပါဝင်ပါတယ်။ ဒီ အဆောက်အဦကိုတော့ ၂၀၁၄ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ပြီးဆုံးမယ်လို့ မျှော်လင့်ထားကြပါတယ်။
ဒီအဆောက်အဦကတော့ တရုတ်နိုင်ငံမှာ အမြင့်ဆုံး အဆောက်အဦ တလုံးဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ တတိယမြောက်အမြင့်ဆုံး အဆောက်အဦ တလုံးပါ။ ခန့်မှန်း ကုန်ကျစရိတ်ကတော့ ယွမ် ၂၈ ဒဿမ ၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၆ ဘီလီယံ) ရှိပါတယ်။
(၄) Signature Tower (အင်ဒိုနီးရှားနိုင်ငံ)
Signature Tower ကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ဆောက်လုပ်နေပါတယ်။ အမြင့် ၆၃၈ မီတာ (၂,၀၉၃ ပေ) ရှိပါတယ်။ ဒီအဆောက်အဦကိုတော့ ၂၀၁၉ ခုနှစ်ရောက်မှ စတင် ဆောက်လုပ်တာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာပြီးဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။ Signature Tower မှာတော့ အထပ်ပေါင်း ၁၁၃ ထပ်နဲ့ မြေအောက်ထပ် ၆ ထပ် ပါဝင်ပါတယ်။
(၅) Wuhan Greenland Center (တရုတ်နိုင်ငံ)
တရုတ်နိုင်ငံ၊ ယန်ဇီမြစ် အစွန်းမှာ တည်ရှိတဲ့ Wuhan Greenland Center ကတော့ ဝူဟန်မြို့ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှုရဲ့ အမှတ်သင်္ကေတ တခုပါ။ တရုတ်နိုင်ငံ အလယ်ပိုင်းမှာဆိုရင်လည်း ဝူဟန်မြို့ဟာ ထင်ရှားတဲ့ မြို့တမြို့ပါ။ နိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာလည်း ဝူဟန်မြို့မှာ နေထိုင်ကြပါတယ်။ ဝူဟန်မြို့ဟာ တရုတ်နိုင်ငံရဲ့ အဓိက စီးပွားရေးမြို့တော် ဖြစ်ရတဲ့ အကြောင်းကတော့ သယ်ယူပို့ဆောင်ရေးမှာ ဗဟိုချက် ကျနေလို့ပါ။
ဒီအဆောက်အဦကိုတော့ ၂၀၁၂ ခုနှစ်က စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ပြီးဆုံးဖို့ မျှော်လင့်ထားပါတယ်။ အဆောက်အဦအမြင့်ကတော့ ၆၃၆ မီတာ(၂၀၈၇ ပေ) အမြင့် ရှိပြီး အထပ်ပေါင်း ၁၂၆ထပ်နဲ့ မြေအောက်ထပ် ၆ ထပ် ပါဝင်ပါတယ်။
Ref. zenith-spot.blogspot.com