ဆံသား ကျန်းမာရေး ပြဿနာတွေအတွက် ဈေးကြီး ပေးဝယ်ရတဲ့ ခေါင်းလျှော်ရည်တွေအစား သင့်အိမ်မှာ ရှိတဲ့ မီးဖိုချောင်ကနေ အလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေ အသုံးပြုပြီးတော့လည်း ဆံသားကို ထိန်းသိမ်းနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းလျှော်ရည်ထဲ ဆား အနည်းငယ် ထည့်လျှော်ပေးရုံနဲ့ ရရှိနိုင်မယ့် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဗောက်ထခြင်းကို သက်သာစေတယ်
ဦးရေပြားမှာ ဆဲလ်သေတွေ များလာတဲ့အခါနဲ့ ဦးရေပြား မှိုစွဲတဲ့အခါမျိုးမှာ ခေါင်းမှာ ဗောက်ထ တတ်ပါတယ်။ ဗောက်ပျောက် ခေါင်းလျှော်ရည်တွေလိုပဲ အိမ်သုံးဆားဟာလည်း ဗောက်ထခြင်းကို သက်သာစေနိုင်ပါတယ်။ ခေါင်းလျှော်ရည်ထဲ အိမ်သုံးဆား အနည်းငယ်ထည့်ပြီး ဦးရေပြားကို အသာအယာ နှိပ်နယ်ကာ လျှော်ပေးရုံနဲ့ ဗောက်ထခြင်းကို သက်သာစေနိုင်ပါတယ်။
(၂) ဆံပင်တွေကို ထူထဲလာစေနိုင်တယ်
ခေါင်းလျှော်တဲ့အခါ ခေါင်းလျှော်ရည်ထဲ အိမ်သုံးဆား ထည့်လျှော်တာမျိုးဖြစ်ဖြစ်၊ ခေါင်းမလျှော်ခင် ဆားနဲ့ ဦးရေပြားကို နှိပ်နယ် လိမ်းကျံပြီးမှ လျှော်ပေးခြင်းဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံသားတွေကို ထူထဲလာစေနိုင်ပါတယ်။
(၃) ဦးရေပြား အဆီပြန်ခြင်းကို သက်သာစေတယ်
ခေါင်းလျှော်ပြီး ၂ ရက်လောက် နေတဲ့အခါ ဦးရေပြားမှာ စေးကပ်ကပ်ဖြစ်ပြီး ခေါင်းအဆီ ပြန်တတ်သူတွေအနေနဲ့ ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းက ဦးရေပြား အဆီပြန်ခြင်းကို သက်သာစေပါတယ်။
(၄) ဦးရေပြား သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်
သုံးနေကျ ခေါင်းလျှော်ရည်ထဲ ဆားအနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဟာ ဦးရေပြား သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဦးရေပြား ယားယံခြင်း၊ ဆံပင်ကျွတ်ခြင်းနဲ့ ဆံပင်အရှည် နှေးခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်။
(၅) ဆံပင်အရှည် မြန်စေတယ်
ဆားဟာ ဦးရေပြားမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဆံပင်ပေါက်ခြင်းကို အထောက်အကူ ဖြစ်စေပြီး ဆံပင်တွေကို အရှည်မြန်စေပါတယ်။