Pokemon Detective Pickachu ရုပ်ရှင်မှာတင် Pokemon တွေကို မြင်ရတာ အားမရသေးဘူးဆိုရင်တော့ စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် “Pokemon Carnival” ပွဲတော် ကျင်းပနေတဲ့အကြောင်း သတင်းကောင်း ပေးချင်ပါတယ်။ စင်ကာပူနိုင်ငံ၊ ဆန်တိုဆာမှာရှိတဲ့ Sentosa Cove Village မှာ Pokemon အမျိုးအစား ၄၀၀ ကျော်ကို မြင်တွေ့ရမှာပါ။
“Pokemon Carnival” ပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ထိ ညနေ ၅ နာရီကနေ ည ၉ နာရီအတွင်း ကျင်းပနေတာဖြစ်ပြီး အာရှတိုက်က ပရိသတ်တွေအတွက် ပထမဆုံးအကြိမ် အကြီးကျယ်ဆုံး ပွဲကြီးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီမှာ Alola ကျွန်းစတိုင် Pokemon တွေ ပါဝင်တင်ဆက်မှုကိုပါ တနေရာတည်းမှာ မြင်တွေ့နိုင်မှာပါ။
ပွဲအတွင်း Pokemon ဝတ်စုံတွေ ဆင်မြန်းလှည့်လည် ကပြကြမှာဖြစ်ပြီး ရေပန်းအစားဆုံး ဖြစ်လာမှာကတော့ Pikachu အဖွဲ့ကြီးပဲ ဖြစ်ပါလိမ့်မယ်။ ပေါ်ပြူလာအဖြစ်ဆုံး Pikachu အဖွဲ့နဲ့အတူ ကနိုင်သလို ပရိသတ် တယောက်ချင်းစီအတွက် အမှတ်တရ ဓာတ်ပုံရိုက်ကူးရေးနဲ့ တွေ့ဆုံပွဲတွေကိုပါ စီစဉ်ပေးထားပါတယ်။
၅ မီတာမြင့်တဲ့ Pikachu အရုပ်ကြီး ရှိမယ့် ကျင်းပတဲ့နေရာ ပတ်ပတ်လည်မှာလည်း Pokemon တွေဆီ တကယ် ရောက်သွားသလို ခံစားမိစေမယ့် အပြင်အဆင်တွေနဲ့ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးနိုင်ပါတယ်။ ကလေးတွေအတွက် လေသွင်းထားတဲ့ ကစားစရာတွေအပြင် ပလတ်စတစ် ဘောလုံးလေးတွေ အပြည့်ဖြည့်ထားတဲ့ နေရာမှာ စိတ်ကြိုက် ကစားနိုင်ပါသေးတယ်။
ပွဲကို လာရောက် လည်ပတ်မယ့် ဧည့်သည်တွေဟာ ပြင်ဆင်ထားတဲ့ Alola ကျွန်းပေါ်မှာ တကယ့် Pokemon ဂိမ်း ထဲကလို စွန့်စားခန်းတွေကို ဝင်ရောက်ကစားနိုင်သလို အဆုံးထိ အောင်မြင်အောင် ဆော့နိုင်သူတွေကိုလည်း အမှတ်တရ အရုပ်တွေနဲ့ Carnival Game Voucher တွေ လက်ဆောင် ပြန်ပေးသွားမှာပါ။
လူကြီးတွေအတွက်တော့ Carnival Games တွေ ဆော့ကစားရင်း Pokemon စတစ်ကာတွေ လက်ဆောင် ရပါဦးမယ်။ ဒါ့အပြင် လေဖောင်းထားတဲ့ ကစားစရာတွေပေါ်မှာ ဆော့ရင်း အမှတ်တရ ဓာတ်ပုံ ရိုက်ပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ Carnival ပွဲတော်ကို လာရောက်သူတွေဟာ ပြင်ဆင်ထားတဲ့ ဂိမ်းကစားနည်းတွေအပြင် ပိတ်ရက် ညနေပိုင်းတွေမှာ အခမဲ့ရုပ်ရှင် ကြည့်နိုင်တဲ့ Movie by the Bay နေရာပါ စီစဉ်ပေးထားပါတယ်။
စင်ကာပူနိုင်ငံဟာ ၂၀၁၈ ခုနှစ်တုန်းကလည်း “Pokemon Run Carnival 2018” ဆိုပြီး အရှေ့တောင်အာရှမှာ ပထမဆုံး ကျင်းပတဲ့ Pokemon ဒီဇိုင်းတွေ ထည့်သွင်းထားတဲ့ မာရသွန်ပြိုင်ပွဲ ကျင်းပခဲ့ပြီး အရှေ့တောင်အာရှမှာရှိတဲ့ Pokemon Go ဂိမ်း ပရိသတ်တွေ လာရောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
Ref: CNA