ကမ္ဘာကြီးဟာ သူရသတ္တိနဲ့ ပြည့်စုံသူတွေကို ဘယ်တော့မှ မေ့မထားတတ်ပါဘူး။ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ ကလေးတွေကိုလည်း နှစ်စဉ်နှစ်တိုင်း ဆုချီးမြှင့်လေ့ ရှိကြပါတယ်။ အဲဒီလို ဆုချီးမြှင့်ခံရတဲ့ ကလေးငယ်တွေဟာ ကိုယ့်အသက်ကိုယ် မငဲ့ကွက်ဘဲ တခြားသူတွေအသက် ဆက်လက် ရှင်သန်ဖို့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသူတွေချည်းပါပဲ။
နှစ်စဉ် နိုဝင်ဘာ ၂၀ ရက်နေ့မှာ “နိုင်ငံတကာ ကလေးများနေ့”ကို ကျင်းပလေ့ ရှိပါတယ်။ နိုင်ငံအသီးသီးမှာ သီးခြားသတ်မှတ်ထားတဲ့ “ကလေးများနေ့”ဆိုတာလည်း ရှိပါသေးတယ်။ ဥပမာ မြန်မာနိုင်ငံမှာဆိုရင် ဖေဖော်ဝါရီ ၁၃ ရက်နေ့ကို “မြန်မာနိုင်ငံ ကလေးများနေ့”လို့ သတ်မှတ်ထားသလို၊ အိန္ဒိယနိုင်ငံကလည်း နိုဝင်ဘာ ၁၄ ရက်နေ့ကို “အိန္ဒိယနိုင်ငံ ကလေးများနေ့”အဖြစ် သတ်မှတ်ထားပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ကို “အိန္ဒိယနိုင်ငံ ကလေးများနေ့”အဖြစ် သတ်မှတ်ထားရတဲ့ အကြောင်းကတော့ အဲဒီနေ့ဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဂျဝါဟာလာနေရူးရဲ့ မွေးနေ့ဖြစ်တာကြောင့်ပါ။ အိန္ဒိယနိုင်ငံက နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ကလေးသူငယ်ဆိုင်ရာ သူရသတ္တိဆု ချီးမြှင့်ပွဲကိုတော့ နှစ်စဉ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ အဲဒီနေ့ဟာလည်း အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင်နေ့ တနေ့ပါ။
အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ၁၉၅၀ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အပြီးသတ်ရေးဆွဲနိုင်ခဲ့ပြီး အိန္ဒိယ သမ္မတနိုင်ငံအဖြစ် ကမ္ဘာကို အတိအလင်း ကြေညာနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဇန်နဝါရီ ၂၆ ရက်နေ့ကို အိန္ဒိယ သမ္မတနိုင်ငံနေ့အဖြစ် ကျင်းပခဲ့ပြီး အဲဒီနေ့ရောက်တိုင်းလည်း အိန္ဒိယနိုင်ငံတဝှမ်းက အသက် ၁၆ နှစ်အောက် ကလေးတွေကို သူရသတ္တိနဲ့ဆိုင်တဲ့ဆု ချီးမြှင့်လေ့ ရှိပါတယ်။
ဒီလို သူရသတ္တိနဲ့ ပြည့်စုံတဲ့ ကလေးတွေကို ၁၉၅၇ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံက အစဉ်တစိုက် ဆုပေးလာခဲ့တာ အခုချိန်ထိတိုင်အောင်ပါပဲ။ ဒီဆုကိုတော့ အိန္ဒိယအစိုးရနဲ့ ကလေးသူငယ် ဖူလုံရေးဆိုင်ရာ အိန္ဒိယကောင်စီတို့က ပူးတွဲချီးမြှင့်လေ့ ရှိပါတယ်။ အဲဒီဆုကိုတော့ အိန္ဒိယနိုင်ငံတဝှမ်းက အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို နှစ်စဉ် ချီးမြှင့်လေ့ ရှိပါတယ်။
အခုလို ဆုချီးမြှင့်ခံခဲ့ရတဲ့ ကလေးတွေအားလုံးဟာ ကိုယ့်မိဘ၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်အိမ်နီးချင်း စတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သူတွေပါ။ ၂၀၁၉ ခုနှစ်အတွက် ဆုချီးမြှင့်ခံခဲ့ရတဲ့ ကလေးတွေဟာ ဘာကြောင့် ဆုချီးမြှင့်ခံခဲ့ရသလဲ ဆိုတဲ့ အကြောင်းကိုလည်း ဖော်ပြပေးချင်ပါတယ်။
(၁) Gurugu Hima Priya
ဟီမာပရီယာဟာ အသက် ၈ နှစ်အရွယ်သာ ရှိသေးတဲ့ မိန်းကလေးတယောက်ပါ။ သူ့အဖေကတော့ အိန္ဒိယစစ်တပ်က တပ်ကြပ်ကြီးတယောက်ပါ။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ Jammu မြို့မှာရှိတဲ့ Sunjuwan တပ်မတော်စခန်းကို အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ ဟီမာပရီယာဟာ ဒဏ်ရာရသူတွေကို ကုသနိုင်ဖို့ အကြမ်းဖက်သမားတွေကို ယုံကြည်အောင် ပြောဆိုပြီး သူ့အမေနဲ့အတူ ဆေးအကူအညီ သွားရောက် တောင်းခံခဲ့ပါတယ်။ ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွက် ဆု ရရှိခဲ့ပါတယ်။
(၂) Soumyadip Jana
ဂျာနာဟာ အသက် ၁၃ နှစ်သာ ရှိသေးတဲ့ ယောကျ်ားလေး တယောက်ပါ။ သူကလည်း ဟီမာပရီယာတို့နဲ့ အတူ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကိုခံရပေမယ့်လည်း ဂျာနာဟာ သူ့မိခင်နဲ့ ညီမဖြစ်သူတို့ရဲ့ အသက်ကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကို ခံရတဲ့အချိန်မှာ ဂျာနာဟာ သူ့မိခင်နဲ့ ညီမဖြစ်သူတို့ကို ဘေးလွတ်ရာအရပ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ သူ့အမေနဲ့ ညီမဖြစ်သူတို့ကသာ ဘေးလွတ်ရာအရပ်ဆီ ရောက်သွားခဲ့ကြပေမယ့် ဂျာနာကတော့ ဒဏ်ရာတွေ ရခဲ့ပါတယ်။ တိုက်ပွဲပြီးသွားတဲ့အခါမှာတော့ ၃ လလောက် Coma ဖြစ်ခဲ့ပြီး အခုတိုင်အောင်လည်း ဂျာနာဟာ ခန္ဓာကိုယ် အောက်ပိုင်း ဘယ်ဘက်တခြမ်း သေသွားခဲ့ပါတယ်။ သူ့မိဘတွေကတော့ ဂျာနာရဲ့လုပ်ရပ်အတွက် ဂုဏ်ယူနေကြပါတယ်။
(၃) Late Nitisha Negi
Nitisha ကတော့ အသက် ၁၅ နှစ်သာ ရှိသေးတဲ့ မိန်းကလေးပါ။ သူကတော့ ဒေလီမြို့ကဖြစ်ပြီး ရေနစ်နေတဲ့ သူငယ်ချင်းရဲ့အသက်ကို ကယ်တင်ခဲ့တဲ့အတွက်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူပါ။ ဒီအဖြစ်အပျက်တွေ ဖြစ်နေတုန်းက သူဟာ သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ ဘောလုံးပြိုင်ပွဲအတွက် သြစတြေးလျကို ရောက်ရှိနေခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ရေနစ်နေတာကို မြင်တဲ့အခါ ကိုယ့်အသက်တောင် မငဲ့ကွက်ဘဲ သူငယ်ချင်းဖြစ်သူကို ကယ်တင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အိန္ဒိယနိုင်ငံက ပေးအပ်တဲ့ ကလေး သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။
(၄) Camelia Kathy Kharbyngar
သူကတော့ အသက် ၁၂ နှစ်သာရှိသေးတဲ့ မိန်းမငယ်လေးဖြစ်ပြီး သူတို့အိမ် မီးလောင်နေတုန်း အစ်ကိုဖြစ်သူကို ရဲရဲဝံ့ဝံ့ ကယ်တင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
(၅) Situ Malik
မာလစ်ဟာ အသက် ၁၅ နှစ် အရွယ် ကောင်လေး တယောက်ဖြစ်ပြီး ဦးလေးဖြစ်သူ မိချောင်း ကိုက်ခံနေရစဉ် ဦးလေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ဦးလေး မိချောင်း ကိုက်ခံနေရစဉ်တုန်းက မာလစ်မှာ လက်နက်ဆိုလို့ ဝါးလုံးတချောင်းသာ ရှိပါတယ်။ အဲဒီဝါးလုံးနဲ့ပဲ မိချောင်းရဲ့ ဦးခေါင်းကို အဆက်မပြတ်ရိုက်ပြီး ဦးလေးရဲ့အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။
(၆) Kumari Kanti
Kanti ကတော့ အသက် ၇ နှစ်သာရှိသေးတဲ့ ကောင်လေးတယောက်ဖြစ်ပြီး သူတို့ရွာကို ဆင်ရိုင်းအုပ်ကြီး ဝင်လာတဲ့အခါ အသက် ၃ နှစ်သာ ရှိသေးတဲ့ သူ့ညီမ အငယ်ဆုံးရဲ့ အသက်ကို ဆင်ရိုင်းတွေရန်ကနေ ကယ်တင်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့မှာတော့ ဆင်ရိုင်းအုပ်ကြီး ရွာထဲဝင်လာပြီး မြင်မြင်သမျှကို ဖျက်ဆီးပါတော့တယ်။ Kanti ရဲ့ မိသားစုဝင်တွေကလည်း ဆင်ရိုင်းအုပ်ရဲ့ ရန်ကြောင့် ဘယ်သူ့ကိုမှ မခေါ်ဆောင်နိုင်တော့ဘဲ လွတ်ရာကိုသာ ထွက်ပြေးကြရပါတယ်။ Kanti ရဲ့ ညီမ အငယ်ဆုံးကလေး ကျန်နေတာကို သိတဲ့အတွက် Kanti က စွန့်စားပြီး သူ့ညီမရဲ့ အသက်ကို ကယ်တင်ခဲ့ပါတယ်။
(၇) Hritik Sahu, Jhagendra Sahu and Shrikant Ganjir
ဒီကလေး ၃ ယောက်ကတော့ ရေနစ်နေတဲ့ သူတို့သူငယ်ချင်းကို ကယ်တင်နိုင်ခဲ့သူတွေပါ။ သူတို့ ၃ ယောက်ထဲမှာ Hritik နဲ့ Jhagendra တို့က ရေလုံးဝ မကူးတတ်သူတွေပါ။ သူတို့တွေဟာ သူငယ်ချင်းဖြစ်သူ ရေနစ်နေတာကို တွေ့တဲ့အခါမှာ ရေမကူးတတ်တာကို စဉ်းစားမနေအားတော့ပဲ ရေထဲ ဆင်းပြီး သူငယ်ချင်းဖြစ်သူကို ကယ်တင်ခဲ့ပါတယ်။ သူတို့ ၃ ယောက်ရဲ့ ကယ်တင်မှုကြောင့်ပဲ သူငယ်ချင်းဖြစ်သူဟာ အသက်ချမ်းသာရာရခဲ့ပါတယ်။
(၈) Wahengbam Lamnganba Singh
သူကတော့ အသက် ၁၅ နှစ်သာရှိသေးတဲ့ ကောင်လေးတယောက်ဖြစ်ပြီး ရေနစ်နေတဲ့ ညီတဝမ်းကွဲရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့သူပါ။
(၉) Divyansh Singh
သူကတော့ အသက် ၁၄ နှစ်သာ ရှိသေးတဲ့ ကောင်လေး ဖြစ်ပြီး ကျွဲရိုင်းတကောင်ရဲ့ တိုက်ခိုက်မှုကို ခံရတဲ့ အသက် ၅ နှစ်အရွယ် ညီမငယ်ကို အသက်ဘေးက ကယ်တင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကတော့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တာပါ။ သူနဲ့ ညီမဖြစ်သူဟာ ကျောင်းဆင်းလို့ ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတုန်း ကျွဲရိုင်းတကောင် ရောက်လာပြီး ညီမဖြစ်သူကို ရန်ပြုပါတယ်။ ညီမဖြစ်သူ ရန်ပြုခံရတဲ့အခါ သူဟာ ထွက်မပြေးခဲ့ဘဲ ညီမရှေ့ကနေ မားမားရပ်ပြီး ကျွဲရိုင်း ထွက်ပြေးအောင် ကျောင်းလွယ်အိတ်နဲ့ တရစပ် ရိုက်ပုတ်နေခဲ့တာကြောင့် သူ့ညီမလေး ဘေးကင်းခဲ့ရပါတယ်။
ဒါကြောင့်လည်း သူရသတ္တိအရာမှာ ထူးချွန်တဲ့ ကလေးတွေကို အိန္ဒိယနိုင်ငံက ကလေးသူရဲကောင်းဘွဲ့တွေ နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။
Ref. swikblog.com , www.indiatimes.com
You may also like these stories:
ပလတ်စတစ် အမှိုက်တွေ ကောက်လာပေးရုံနဲ့ ကျောင်းလခ ပေးစရာ မလိုတဲ့ စာသင်ကျောင်း
မိုးခေါင်ရေရှား ပြဿနာကို ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံက ကျေးရွာများ
အက်ဆစ်နဲ့ အပက်ခံရတဲ့ မိန်းကလေးတွေ ဖွင့်လှစ်ထားတဲ့ အိန္ဒိယက ကော်ဖီဆိုင်
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်အတွင်းက အရှည်ဆုံး တံတား