ချမ်းသာကြွယ်ဝတဲ့ သူတွေ၊ သူဌေးသူကြွယ် ဖြစ်မယ့်သူတွေ၊ ဘဝမှာ အောင်မြင်မယ့် လက္ခဏာ ရှိသူတွေဟာ အောက်ပါအရည်အချင်းတွေနဲ့ အကျင့်ကောင်းတွေ ရှိတတ်ပါတယ်။
(၁) သူတို့ဟာ မနက်စောစော အိပ်ရာက ထတယ်။ အိပ်ရာ ထထချင်းမှာ ဆိုရှယ်မီဒီယာ မသုံးဘူး။ တီဗီ ဖွင့်မကြည့်ဘူး။ သီချင်း နားမထောင်ဘူး။ ဒါပေမဲ့ လေ့ကျင့်ခန်း လုပ်တယ်။ တရားခဏ ထိုင်တယ်။ ဒါမှမဟုတ် အလုပ်ကိုသွားတဲ့အချိန်မှာ (ကားစီးနေရင်း၊ ရထားစီးနေရင်း) Audio Book ကို နားထောင်တယ်။ အဲဒီမနက်ခင်းဟာ မိမိမှာရှိတဲ့ Power တွေကို တနေ့တာအတွက် စုစည်းရတဲ့အချိန် ဖြစ်လို့ပါပဲ။
(၂) ကြွယ်ဝ ချမ်းသာသူတွေဟာ သူတို့ တနေ့တာ လုပ်ဆောင်ရမယ့်အလုပ် (To do List) တွေကို ချရေးလေ့ ရှိပါတယ်။ ဒါမှမဟုတ် ဒီတနေ့ရဲ့ ပြီးမြောက်ရမယ့် ရည်မှန်းချက် (Goal) ကို ပြီးမြောက်အောင် လုပ်ဆောင်လေ့ ရှိကြပါတယ်။ သူတို့ဟာ ဘယ်နေရာကို သွားနေတယ်၊ ဘယ်ကို ဦးတည်နေတယ်ဆိုတာ သိနေတယ်။ ဒါကြောင့် အောင်မြင်တာပါ။ အချိန်တွေကို အကုန်မခံပါနဲ့။
(၃) တကယ်တော့ အောင်မြင်ပြီး ချမ်းသာကြွယ်ဝတဲ့ သူတွေဟာ သူတို့ရဲ့ Focus အာရုံစူးစိုက်ရာ ဘာလဲဆိုတာကို မျက်ချည် အပြတ်မခံပါဘူး။ ပြီးတော့ အလုပ်တွေ အများကြီးကို တနေ့ထဲမှာ ဇယ်ဆက်သလို လုပ်မနေပါဘူး။ သတ်မှတ်ထားတဲ့ To do list ထဲက သူတကယ် လုပ်ဆောင်ရမယ့် အရာတွေကို အကောင်းဆုံး ပြီးမြောက်အောင် လုပ်ဆောင်ကြပါတယ်။ တနေ့မှာ ၂၄ နာရီပဲ ရှိတယ်ဆိုတာ မမေ့ပါနဲ့။
(၄) ချမ်းသာကြွယ်ဝတဲ့သူတွေဟာ စာဖတ်ကြပါတယ်။ စာအုပ်ကောင်းတွေကို နေ့စဉ် ဖတ်ပါတယ်။ သူတို့အတွက် ဘဝဆိုတာ သေတဲ့အထိ အမြဲလေ့လာ စူးစမ်းနေဖို့ပဲ ဖြစ်ပါတယ်။ နေ့စဉ် အသစ်အသစ်တွေ ပေါ်နေတဲ့ကမ္ဘာကြီးမှာ အောင်မြင်တဲ့သူတွေ၊ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ စာတွေဖတ်ကြတယ်။ Audio Book ကို ဖွင့်ပြီး နားထောင်တယ်။ အတ္ထုပတ္တိ စာတွေ ဖတ်တယ်။ ကမ္ဘာကြီးကို ပိုပြီးနားလည်အောင် လေ့လာတယ်။ အချိန်ကို မဖြုန်းဘူး။ ဒါကြောင့် သူတို့ရဲ့ လေ့လာစူးစမ်းတဲ့စိတ်ကြောင့် အကြောင်းအရာ အသစ်တွေကို အမြဲလေ့လာခွင့် ရနေတယ်။
(၅) ချမ်းသာကြွယ်ဝတဲ့သူတွေဟာ No ဆိုတဲ့စကား၊ ငြင်းပယ်တဲ့စကားကိုလည်း ပြောတတ်ဖို့လိုတယ်။ မလိုတဲ့နေရာမှာ မသုံးစွဲဖို့၊ မဖြုန်းဖို့၊ ပါတီပွဲတွေ သိပ်မလုပ်ဖို့၊ Shopping တွေ ခဏခဏ မသွားဖို့ (ဆင်းရဲဇာတာပါတဲ့သူတွေက Shopping ပိုပြီး သွားကြတယ်)။ ဒါပေမဲ့ ချမ်းသာကြွယ်ဝသူတွေဟာ သူတပါးကိုလည်း ကူညီပေးကမ်းတတ်တယ်။ သူဌေးဘွဲ့ လိုချင်လို့မဟုတ်ဘဲ နာမည်မခံပဲလည်း ငွေကြေးအမြောက်အများ ကူညီလေ့ရှိပါတယ်။
(၆) အောင်မြင်တဲ့သူတွေ၊ ချမ်းသာကြွယ်ဝတဲ့သူတွေဟာ ရုပ်ရှင်ရုံတွေမှာ၊ တီဗီရှေ့မှာ (KTV အပါအဝင်ပေါ့) အပျော်အပါးတွေမှာ၊ Social Media တွေမှာ အချိန်ကုန်ခံလေ့ မရှိဘူး။ ဆင်းရဲဇာတာ ပါတဲ့သူတွေပဲ ဒီအလုပ်ကို လုပ်လေ့ရှိကြပါတယ်။
(၇) အောင်မြင်ကြွယ်ဝ ချမ်းသာတဲ့သူတွေဟာ “Junk Foods” လို့ခေါ်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို မစားပါဘူး။ (ဟမ်ဘာဂါ စားတာတို့၊ အချိုရည် သောက်တာတို့၊ ပါကင်ထုတ် အသင့်စား အစားအသောက်တွေကို မစားဘူးလို့ ဆိုလိုတာပါ) သူတို့ဟာ “အာရောဂျံ၊ ပရမံ၊ လာဘံ ကျန်းမာရေးသည် လာဘ်ကြီး တပါး”လို့ နားလည်ထားလို့ပဲ ဖြစ်ပါတယ်။