မိုးရာသီမှာ အိမ်ရှင်မတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာကတော့ အဝတ်တွေ အလွယ်တကူ မခြောက်သွေ့တာပါ။ စိုထိုင်းထိုင်းဖြစ်နေတဲ့ အဝတ်တွေဟာ အနံ့အသက် မကောင်းတာမျိုးဖြစ်တဲ့အပြင် ကောင်းမွန်စွာ မခြောက်သွေ့တာကြောင့် ဝတ်တဲ့အခါ ယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့လို့ မိုးရာသီမှာ အဝတ်တွေအမြန်ခြောက်စေမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရေကို သေချာစွာညှစ်ပါ
မိုးရာသီမှာ အဝတ်တွေ အလျင်အမြန်ခြောက်ဖို့ အဝတ်လျှော်ပြီးတဲ့အခါတိုင်း ရေကိုသေချာစွာ ညှစ်သင့်ပြီး အဝတ်လျှော်စက် သုံးတဲ့သူတွေအနေနဲ့တော့ Spin Wash ကို အသုံးပြုသင့်ပါတယ်။ ရေညှစ်ပြီးတဲ့အခါမှာလည်း ဒီအတိုင်း လှန်းလိုက်တာမျိုးထက် အဝတ်ကို သေချာခါပြီးမှ လှန်းခြင်းက အဝတ်တွေကို အလွယ်တကူ ခြောက်သွေ့စေနိုင်မှာပါ။
(၂) ရေစုပ်နိုင်တဲ့ မျက်နှာသုတ်ပုဝါတွေကို အသုံးပြုပါ
ဒီနည်းလမ်းဟာ အဝတ်တွေများနေရင်တော့ သိပ်အဆင်မပြေပေမယ့် အမြန်ခြောက်ဖို့ လိုအပ်တဲ့ အဝတ်အစားတွေအတွက်တော့ အသုံးတည့်စေမှာပါ။ ရေစုပ်နိုင်တဲ့ မျက်နှာသုတ်ပုဝါ တဘက်တွေကို ရေသေချာညှစ်ထားပြီးသား လှန်းမယ့် အဝတ်အောက်မှာခံပြီး လှန်းပေးရမှာဖြစ်ပါတယ်။
(၃) အခန်းရဲ့စိုထိုင်းစကို လျှော့ချပါ
မိုးရာသီမှာ အိမ်ခန်းတွေရဲ့ စိုထိုင်းစဟာ ပိုမိုမြင့်တက်နေတာကြောင့်လည်း အဝတ်တွေ အလျင်အမြန်ခြောက်သွေ့ဖို့ နှေးကွေးစေတာပါ။ အခန်းရဲ့စိုထိုင်းစကို လျှော့ချဖို့ အိမ်မှာ အလွယ်တကူရှိတဲ့ အိမ်သုံးဆား ဒါမှမဟုတ် မီးသွေးခဲတို့ကို ပန်းကန် အလွတ်တခုထဲ ထည့်ပြီး အခန်းထောင့်တွေမှာ ထားပေးခြင်းက အခန်းရဲ့ စိုထိုင်းစတွေကို လျှော့ချပေးနိုင်ပါတယ်။
(၄) Hair Dryer ကို အသုံးပြုပါ
ဒီနည်းလမ်းဟာဆိုရင် အဝတ်တွေများနေရင်တော့ အဆင်မပြေနိုင်ပါဘူး။ ခပ်မြန်မြန်ခြောက်ဖို့ လိုအပ်တဲ့ ရုံးယူနီဖောင်းတွေနဲ့ အတွင်းခံ အဝတ်အစားတွေဆိုရင်တော့ Hair Dryer နဲ့ မှုတ်ကာ အခြောက်ခံပြီးမှ လှန်းလိုက်ခြင်းက အဝတ်တွေကို အချိန်တိုအတွင်း ခြောက်သွေ့စေပါတယ်။
Ref. www.lifestyleclotheslines.com
You may also like these stories:
မိုးရာသီမှာ ဆံကေသာကို ဘယ်လိုထိန်းသိမ်းမလဲ
မိုးရာသီမှာ လုံခြုံပြီးနွေးထွေးအောင် ဘယ်လိုနေကြမလဲ
မိုးရာသီမှာ ဘယ်လို ဖက်ရှင်တွေ ဝတ်ဆင်မလဲ