တိရစ္ဆာန်တွေကို အမှန်တကယ် ချစ်ခင်တဲ့ လူတွေ ကမ္ဘာပေါ်မှာ တကယ်ကို ရှိပါတယ်။ တိရစ္ဆာန်တွေထဲကမှ လူတွေရဲ့ ဂရုစိုက်တာကို အခံရဆုံးက ခွေး ဆိုရင် မှားမယ် မထင်ပါဘူး။ ခွေးတွေဟာ လူနဲ့ အရမ်းရင်းနှီးလွယ်ပြီး လူတွေကို ချစ်တာကြောင့် အချစ်ခံရတာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ခွေးလေခွေးလွင့် ထိန်းသိမ်းရေးအတွက် ဂေဟာတွေ ထားရှိပါတယ်။ ခွေးချစ်သူတွေဟာ အဲဒီဂေဟာတွေမှာ အလှူအတန်းတွေ သွားလုပ်လေ့ရှိပြီး ခွေးချစ်သူ တဦးဖြစ်တဲ့ အသက် ၈၉ နှစ်အရွယ် အဘွား Maisie Green ဟာ ဂေဟာရောက် ခွေးလေခွေးလွင့်တွေ အတွက် အနွေးထည်း ချုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
သူဟာ ခွေးချစ်ပြီး ချည်ထိုးရတာ ဝါသနာပါတာကြောင့် ဒီလို ချုပ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ စောင် ၁ ထည် ထိုးဖို့ ၃ ရက် အချိန်ယူရတဲ့ အဲဒီ အဘွားအိုဟာ ခွေးတွေရဲ့ အနွေးထည်အတွက်တော့ ၁ ထည်ကို ၁ ရက်သာ ကြာတယ်လို့ သိရပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေက ဒီဇိုင်းတွေကို ကူညီရွေးချယ်ပေးလေ့ ရှိပြီး ခွေး ၄၅၀ ကျော်အတွက် ၁ နှစ်ခန့် ကြာမြင့်အောင် ချည်ထိုးခဲ့ရပါတယ်။
“ကျမက ချည်ထိုးရတာကို ဝါသနာပါတယ်။ ချည်ထိုးနေရင် ကျမ အလုပ်များနေသလို ခံစားရတယ်။ ရုပ်ရှင်ကြည့်ရင်း ထိုးဖြစ်တာက များပါတယ်။ ခွေးလေးတွေကို ကူညီချင်တာလည်း ပါတာပေါ့”လို့ အဘွားအိုက ပြောပါတယ်။
အဘွားအို သွားရောက် လှူဒါန်းလေ့ရှိတဲ့ Dog Trust ခွေးလေခွေးလွင့် ထိန်းသိမ်းရေးဂေဟာက အင်္ဂလန်နိုင်ငံမှာ တည်ရှိပြီး အိုင်ယာလန်နိုင်ငံနဲ့ အင်္ဂလန်နိုင်ငံအတွင်းမှာ အကြီးဆုံး ဂေဟာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. truththeory.com
You may also like these stories:
နိုင်ငံတကာမှာ လမ်းဘေးခွေးတွေကို ဘယ်လို ထိန်းသိမ်းကြသလဲ
အသက် ၁၀၀ ကျော်တဲ့ အထိ Drum တီးနေဆဲ ဖြစ်တဲ့ အဘွားအို
အိမ်မွေး တိရစ္ဆာန်များ မွေးမြူခြင်းဟာ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်