Trend

အမ်စတာဒမ်၊ ဗန်ဂိုးပြတိုက်မှာရှိတဲ့ ဓာတ်ပုံဟာ ဗင်းဆင့်ဗန်ဂိုးပုံ မဟုတ်ဟု ဆို

ဗင်းဆင့်ဗန်ဂိုး ငယ်ငယ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဆိုပြီး စွယ်စုံကျမ်းတွေ၊ ကတ်တလောက် အညွှန်းတွေနဲ့ စာအုပ် အများအပြားမှာ ဖော်ပြနေကြတဲ့ ဓာတ်ပုံဟာ ဗင်းဆင့်ဗန်ဂိုးရဲ့ ဓာတ်ပုံ မဟုတ်ဘူးဆိုတဲ့ အယူအဆ တခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံကတော့ အမ်စတာဒမ်မြို့၊ ဗန်ဂိုးပြတိုက်မှာရှိတဲ့ ကိုယ်တပိုင်းပုံ ဖြစ်ပြီး၊ အရင်ကတော့ ဗန်ဂိုးဓာတ်ပုံလို့ လူအများအပြားက ယူဆထားခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ မှာတော့ အဲဒီဓာတ်ပုံဟာ အသက် ၁၃ နှစ်အရွယ် ဗန်ဂိုးရဲ့ ဓာတ်ပုံ မဟုတ်ပဲ ဗန်ဂိုးရဲ့ညီ သီအို အသက် ၁၅ နှစ် အရွယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံသာ ဖြစ်တယ်လို့ ပြတိုက် တာဝန်ရှိသူတွေက ပြောပါတယ်။

သီအိုနဲ့ မြစ်တော်စပ်သူ Willem van Gogh ကလည်း ဒီသတင်းကို ကြားရတော့ အံ့သြခဲ့ရပေမယ့် သူတို့နှစ်ယောက်ကြားက လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေကြောင့် ဂုဏ်ယူပါတယ်လို့ ပြောပါတယ်။

ဗန်ဂိုးဟာ ၁၈၉၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့က ပဲရစ်မြို့အနီး Auvers-sur-Oise မှာ ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်ခဲ့ပါတယ်။ ဗန်ဂိုး သေကြောင်းကြံစည်ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ အတွင်းက ယူရို ၁ သိန်း ၃ သောင်း (ဒေါ်လာ ၂၁၂,၀၀၀) နဲ့ ပဲရစ်မြို့မှာ လေလံတင် ရောင်းချခဲ့ပါတယ်။

ဗင်းဆင့်ဗန်ဂိုး အသက် ၁၃ နှစ်အရွယ် (၁၈၈၆ ခုနှစ်) က ဘရပ်ဆဲလ် ဓာတ်ပုံဆရာ Baldin Schwarz ရိုက်ကူးခဲ့တယ်လို့ ယူဆထားတဲ့ ဓာတ်ပုံဟာ ဘယ်လ်ဂျီယံ သုတေသနက စီစဉ်တဲ့ ပြပွဲတခုမှာ ၁၉၅၇ ခုနှစ်က စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာပြီးတဲ့ နောက်မှာတော့ ဒီဓာတ်ပုံဟာ ဗင်းဆင့်ရဲ့ ဓာတ်ပုံ မဟုတ်ဘဲ သီအိုရဲ့ ဓာတ်ပုံသာဖြစ်ကြောင်း ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီဓာတ်ပုံဟာ “ဗန်ဂိုးရဲ့ ဓာတ်ပုံအစစ် ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းကို ၂၀၁၄ ခုနှစ်မှာ Dutch TV Show အစီအစဉ်က စတင်မေးခွန်းထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆင့်မြင့် နည်းပညာတွေ သုံးပြီး ခွဲခြမ်းစိတ်ဖြာ ကြည့်ခဲ့ရာမှာ ဗန်ဂိုးပုံအစစ် မဟုတ်ဘူး ဆိုတဲ့ အဖြေထွက်လာခဲ့ပါတယ်။

အဲဒီ တချိန်တည်းမှာ ဗန်ဂိုးရဲ့ဓာတ်ပုံကို သံသယရှိခဲ့သူကတော့ စာရေးဆရာ Yves Vasseur ဖြစ်ပြီး သုတေတန ပြုလုပ်ခဲ့တာမှာ အဲဒီဓာတ်ပုံဟာ ဗင်းဆင့် ၁၇ နှစ်အရွယ်၊ သီအို ၁၅ နှစ်အရွယ်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်တယ်ဆိုပြီး တွေ့ရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတွေ့ရှိခဲ့တဲ့ သုတေသန ပြုလုပ်ထားချက်တွေကို အမ်စတာဒမ်က ဗန်ဂိုးပြတိုက် တာဝန်ရှိသူတွေကို ပြောပြခဲ့တဲ့အခါ ပြတိုက် တာဝန်ခံတွေကလည်း ဗန်ဂိုးညီ သီအိုဟာ ၁၈၇၃ ခုနှစ် ပတ်ဝန်းကျင်က ဘရပ်ဆဲလ်မြို့မှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ခဲ့ကြပါတယ်။

ဒီအထောက်အထားတွေကတော့ သူတို့ ညီအစ်ကို နှစ်ယောက် အပြန်အလှန် ရေးခဲ့ကြတဲ့ စာတွေပေါ်မှာ အခြေခံပြီး တွေ့ရှိခဲ့တာတွေဖြစ်ပြီး ပြတိုက်မှာရှိနေတဲ့ ဓာတ်ပုံဟာ ဗန်ဂိုးဓာတ်ပုံ မဟုတ်ဘဲ သီအို ၁၅ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့ပါတယ်။

Ref. www.lostateminor.com , www.abc.net.au , www.rte.ie

You May Also Like These Stories:

Amsterdam ကို လည်ပတ်မယ့် ခရီးသွားအရေအတွက် ထိန်းချုပ်စေချင်တဲ့ မြို့ခံလူထု < ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နယ်သာလန်နိုင်ငံက Amsterdam မြို့အကြောင်း

လွတ်လပ်မှုရှိတဲ့ အမ်စတာဒမ်မြို့ကို သွားရောက်လည်ပတ်ကြမယ်

Loading