ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့ အမျှ မြင်နေ ကြားနေရတာတွေဟာ ကလေးသူငယ်တွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရတဲ့ အကြောင်းတွေချည်း ဖြစ်နေပါတယ်။ လိင်အကြမ်းဖက်သူတွေဟာ အနီးအနားက ရင်းနှီးတဲ့သူတွေပါ ဖြစ်နေတတ်လို့ သင့်ရဲ့ ကလေးကို သေသေချာချာ သင်ကြားထားပေးရမယ့် အရာတွေ ရှိလာပါတယ်။
(၁) ခန္ဓာကိုယ် အစိတ်အပိုင်းများအကြောင်း
ခန္ဓာကိုယ် အစိတ်အပိုင်းများ အကြောင်းကို ကလေးငယ်အနေနဲ့ စကား နားလည်ရုံ အရွယ်လောက်ကနေ စတင်ပြီး သင်ကြားပေးရပါမယ်။ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အတွက် သင့်လျော်မယ့် စကားလုံးတွေကို အသုံးပြုသင်ကြားပေသင့်ပြီး ချိုင်းကြား၊ ပေါင်ကြား၊ တင်ပါး၊ ရင်ဘတ်၊ နှုတ်ခမ်း စတဲ့ နေရာတွေကို ဘယ်သူ့ကိုမှ ကိုင်ခွင့်မပြုရဘူး ဆိုတာကို သမီးလေးတွေ အပြင် သားတွေကိုပါ သင်ကြားထားပေးဖို့ အရေးကြီးပါတယ်။
(၂) နယ်စည်းတွေကို သင်ကြားပေးပါ
မိဘတွေ အနေနဲ့ နောက်ထပ် ဂရုပြုရမှာကတော့ ကလေးတွေရဲ့ ကိုယ်ခန္ဓာကို သူများတွေကို မကိုင်စေရုံတင်မကဘဲ တယောက်ယောက်က သူတို့ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ကိုင်ခိုင်းရင်လည်း မကိုင်ပေးရဘူးလို့ သင်ကြားပေးရပါမယ်။ တချို့တွေဟာ ကလေးတွေကို သူတို့ရဲ့ လိင်စိတ် အာသာပြေဖို့ လက်နဲ့ ကိုင်တွယ်ခိုင်းတာတွေ ရှိတတ်ပါတယ်။
(၃) ဓာတ်ပုံအကြောင်း
သားသားမီးမီးတွေကို သင်ကြားပေးရမယ့် နောက်တချက်က သားသားမီးမီးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဘယ်သူ့ကိုမှ ဓာတ်ပုံရိုက်ခွင့် မပေးရဘူး ဆိုတာပါပဲ။ သက်ငယ်မုဒိမ်း ကျင့်သူတွေဟာ စိတ်အလိုဆန္ဒကို ဖြည့်တင်းဖို့ ကလေးသူငယ်တွေရဲ့ လိင်အင်္ဂါတွေကို ဓာတ်ပုံရိုက်ယူလေ့ ရှိတာကြောင့် ဖြစ်ပါတယ်။
(၄) ရှောင်ဖယ်တတ်ဖို့
မသိတဲ့ လူတွေ လာခေါ်တာဖြစ်ဖြစ်၊ လက်ကို လာကိုင်တာပဲ ဖြစ်ဖြစ် ကြုံရပြီဆိုရင် အသံအကျယ်ကြီးနဲ့ အော်ဖို့ သင်ကြားပါ။ “သူ့ကို မသိဘူး ကယ်ကြပါဦး၊ မလုပ်နဲ့” စတဲ့ စကားတွေကို အကျယ်ကြီး အော်ဖို့ သင်ကြားထားပါ။
(၅) လျှို့ဝှက်စကား တီထွင်ပါ
တကယ်လို့ သင့်ကလေးက အနည်းငယ် အရွယ်ရောက်ပြီဆိုရင် လျှို့ဝှက်စကားတခုကို တီထွင်ထားဖို့ လိုအပ်ပါတယ်။ အိမ်မှာလည်း အသုံးပြုနိုင်မယ့် လျှို့ဝှက်စကားကို ကလေးကို ပြောပြထားပြီး တခုခုဖြစ်ရင် မိသားစုအတွင်း နားလည်နိုင်အောင် ပြုလုပ်ထားပါ။
(၆) ယုံကြည်ရကြောင်း ရှင်းပြပါ
တယောက်ယောက်က သင့်ကလေးရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လာပြီး ထိမယ်ဆိုရင် မိဘတွေကို အမှန်အတိုင်း ပြောရမယ်ဆိုတာ သင်ကြားထားပါ။ မိဘကို ယုံကြည်နိုင်ကြောင်း ရှင်းပြထားပါ။ အကိုင်အတွယ်ခံခဲ့ရတာပဲ ဖြစ်ဖြစ် အကြမ်းဖက်ခံခဲ့ရတာပဲ ဖြစ်ဖြစ် ပြောပြဖို့ သင်ကြားထားပါ။ တယောက်တည်း ကြိတ်ပြီး ခံနေစရာ မလိုကြောင်းနဲ့ ကြောက်စရာ ဘာမှ မရှိကြောင်း၊ မိဘတွေက ဘာကိုမဆို ဖြေရှင်းပေးနိုင်ကြောင်းပြောပြဖို့ လိုအပ်ပါတယ်။
ကလေးအချင်းချင်း ဆိုရင်တောင်မှ အထက်မှာ ပြောပြခဲ့တဲ့ အတိုင်း လိုက်နာဖို့ သင်ကြားထားပါ။ ကလေးနဲ့ ရင်းနှီးပြီးသား သူငယ်ချင်းတွေကိုတောင်မှ ကိုင်တွယ်ခွင့် မပြုသင့်ကြောင်းကိုလည်း ရှင်းပြပါ။
Ref. heysigmund.com
You may also like these stories:
တနှစ်ကိုးလအရွယ် ကလေးအား ညှဉ်းပန်းနှိပ်စက်သူများကို အရေးယူ
နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်
လိင်အကြမ်းဖက်ခံရသူ ကလေးငယ်အမှု နိုင်ငံ့အကြီးအကဲများ စောင့်ကြည့်နေ
မိဘတိုင်း သိထားသင့်တဲ့ Child Abuse အကြောင်း