Trend

ကျား၊ မ တန်းတူ ညီမျှမှုရှိတဲ့ နိုင်ငံများစာရင်းမှာ ဖိလစ်ပိုင်နိုင်ငံ ပါဝင်

ဖိလစ်ပိုင်နိုင်ငံ၊ တောင်ဘက်ပိုင်းဒေသတွေမှာ အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုတွေ ရှိနေပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ ကမ်းခြေတွေက ကောင်းကင်ဘုံလို့ တင်စားရလောက်အောင် လှပပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ တချက်ကတော့ ဖိလစ်ပိုင်နိုင်ငံဟာ အမျိုးသမီးတွေ လုံခြုံ စိတ်ချစွာ နေထိုင်နိုင်တဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ အစီရင်ခံစာအသစ်မှာတော့ အရှေ့တောင်အာရှ နိုင်ငံအများစုဟာ ကျား၊ မ တန်းတူညီမျှမှု ရှိတဲ့ နိုင်ငံတွေ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ နှစ်တိုင်းဆိုသလို ကမ္ဘာ့ ကျား၊ မ တန်းတူ ညီမျှမှု စာရင်းမှာ အာရှနိုင်ငံတွေလည်း ပါဝင်လာကြပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် အနေနဲ့ ကျား၊ မ တန်းတူ ညီမျှမှု စာရင်းကို နိုင်ငံပေါင်း ၁၄၄ နိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အရေး၊ ပညာရေး တန်းတူညီမျှမှု၊ နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်နိုင်မှု စတဲ့ အချက် ၄ ချက်မှာ အခြေခံပြီး ကောက်ယူခဲ့ပါတယ်။

အဲဒီအချက်အလက်တွေအပြင် နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့ (ILO)၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ ကုလသမဂ္ဂဖွံ့ဖြိုးရေး ပရိုဂရမ် စတဲ့ အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ အခြေခံပြီး ကျား၊ မ တန်းတူ ညီမျှမှု ရှိတဲ့နိုင်ငံတွေရဲ့ စာရင်းကို ကောက်ယူခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍမှာဆိုရင်လည်း ကျား၊ မ မွေးဖွားမှုနှုန်း အချိုးအစား၊ မွေးဖွားနှုန်းနဲ့ သေဆုံးမှုနှုန်းထား၊ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ အဆင့်မြင့် ပညာရပ်ဆိုင်ရာမှာ ကျား၊ မ စာတတ်မြောက်မှုအချိုးအစား စတာတွေကိုလည်း ထည့်သွင်း စဉ်းစားထားပါသေးတယ်။ စီးပွားရေး လုပ်ငန်းဆိုင်ရာတွေမှာလည်း ကျား၊ မ အချိုးအစား ပါဝင်မှု နှုန်းထား၊ ခေါင်းဆောင်နေရာကနေ ဦးဆောင်နေတဲ့ အမျိုးသမီး အရေအတွက်၊ စည်းကမ်း လိုက်နာမှု စတဲ့ အချက်တွေ ပါဝင်ပါတယ်။

နိုင်ငံရေးကဏ္ဍမှာဆိုရင်လည်း လွှတ်တော်အတွင်း ပါဝင်နေတဲ့ အမျိုးသမီး အရေအတွက်၊ ဝန်ကြီးဌာနတွေရဲ့ ကျား၊ မ အချိုး စတာတွေ ပါဝင်သလို အမျိုးသမီးဦးရေ ဘယ်လောက်က နိုင်ငံကို ဦးဆောင်နေကြသလဲဆိုတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး စစ်တမ်းထုတ်ထားပါတယ်။

စစ်တမ်းတစောင် ထုတ်ရတာက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ စစ်တမ်းထုတ်ပြီး ရလာတဲ့ အချက်အလက်တွေ အရ ကျား၊ မ တန်းတူ ညီမျှမှု ရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

(၁) အိုက်စလန်နိုင်ငံ

(၂) နော်ဝေနိုင်ငံ

(၃) ဖင်လန်နိုင်ငံ

(၄) ရဝမ်ဒါနိုင်ငံ

(၅) ဆွီဒင်နိုင်ငံ

(၆) နီကာရာဂွာနိုင်ငံ

(၇) ဆလိုဗေးနီးယားနိုင်ငံ

(၈) အိုင်ယာလန်နိုင်ငံ

(၉) နယူးဇီလန်နိုင်ငံ

(၁၀) ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် ၂ နိုင်ငံမှာတော့ အမျိုးသမီးတွေရဲ့ ပညာရေးအခြေအနေက ဆိုးဆိုးဝါးဝါး ရှိနေပါတယ်။

Ref: asiacorrespondent

You may also like these stories:

ကျား၊မ အခြေပြုအကြမ်းဖက်မှုအရေး ပညာပေးနေတဲ့ နန်းစအဲဒေါင်ပိုင်

အမျိုးသမီးတွေက စင်ပေါ် ပြောခွင့်ရတဲ့ နေရာကို မရောက်ဘူး

လူမှု့ဝန်းကျင်ထဲက ဖယ်ကျဉ်ခံနေရဆဲ အမျိုးသမီးများ

Loading