မြန်မာမှာပဲဖြစ်ဖြစ် နိုငံတကာမှာပဲဖြစ်စေ လူကြီးလူကောင်းတွေရဲ့ အကျင့်ကောင်းတွေ၊ အရည်အချင်းတွေကို အတုခိုးကြပါတယ်။ အဲဒါတွေကတော့ …
(၁) သူတို့ဟာ ဘဝမှာ ရည်မှန်းချက် မှတ်တိုင်ပန်းတိုင် ရှိတယ်။ အဲဒါကို ချမှတ်ထားတယ်။ အဲဒီပန်းတိုင်ကနေ သွေဖယ်သွားလေ့ မရှိဘူး။
(၂) သူတို့ဟာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ သတင်းတွေအပြင် စာအုပ်ကောင်းတွေကို ဖတ်တယ်။ ပညာကောင်းကောင်း လေ့လာဆည်းပူးတယ်။ အချက်အလက်တွေ စုဆောင်းတယ်။ လေ့လာတယ်၊ သင်ယူတယ်။ တယောက်နဲ့ တယောက် စကားပြောရင် အစည်းအဝေးတွေမှာ စကားပြောရင် အချက်အလက်ကို မူတည်ပြီး စကားကိုပြောတယ်။ လက်လွတ်စပယ် မပြောဘူး။ သူပြောမယ့် အကြောင်းအရာကို ကြေညက်မှ သူကပြောတယ်။ အပေါ်ယံ လေ့လာထားတာတွေကို မပြောဘူး။ Share မလုပ်ဘူး။ ဒါကြောင့်သူဟာ လူအုပ်ထဲမှာဆိုရင် သူများထက် ခေါင်းတလုံး ပိုမြင့်နေတယ်။
(၃) လူကြီးလူကောင်းတွေဟာ အခြေအနေ အချိန်အခါ၊ ပတ်ဝန်းကျင်ကိုကြည့်ပြီး ဘယ်လိုနေထိုင် ပြောဆို၊ ဝတ်စားဆင်ယင်ရမယ်ဆိုတာကို နားလည်တယ်။ စကားပြောဆိုတာ ယဉ်ကျေးသိမ်မွေ့သလို ဝတ်စားဆင်ယင်မှုကလည်း သပ်ရပ်ခန့်ညားပြီး ကြည့်လို့ကောင်းတယ်။ သူဟာ ရေရှည်အတွက် သူရဲ့ နေထိုင်ဝတ်စားဆင်ယင်မှုကို သေသေချာချာ အသေးစိတ် ရင်းနှီးမြုပ်နှံတယ်။
(၄) သူဟာ သူ့ရဲ့အောင်မြင်မှု၊ ကျော်ကြားမှု၊ ကြွယ်ဝမှုကို အလုပ်နဲ့ ရလဒ်နဲ့ သက်သေပြလေ့ရှိတယ်။ မဟုတ်တာတွေကို လုပ်ပြပြီး လူတွေအထင်ကြီးအောင်၊ လေးစားအောင် လုပ်လေ့မရှိဘူး။ Social Media ဒါမှမဟုတ် Facebook မှာ ပေါက်ကရတွေရေး၊ လူအထင်ကြီး လက်ခုပ်သံချူမယ့် စကားတွေရေးပြီး ဆရာကြီးယောင်ယောင် သုခမိန်ယောင်ယောင် မလုပ်ဘူး။ (သူများအပေါ်မှာလည်း အပေါ်စီးက မောက်မောက်မာမာ ပြောဆိုဆက်ဆံတာတွေ လုပ်လေ့မရှိဘူး။) သူက အထီးကျန်ဆံနေတဲ့သူ မဟုတ်ဘူး။ အလုပ်ကို လုပ်နေတဲ့သူ ဖြစ်တဲ့အတွက် ရလဒ်ကို မြင်တဲ့အခါ လူတွေရဲ့လေးစားမှုကို အလိုအလျောက် ရတာဖြစ်ပါတယ်။
(၅) ဘဝမှာ လူကြီးလူကောင်းတွေအတွက် အရေးကြီးတာက မိမိအတွက်၊ ကိုယ်ကျိုးအတွက်၊ မိမိရဲ့ ကုမ္ဗဏီ တခုတည်းအတွက် မဟုတ်ဘဲ တပါးသူတွေအတွက် အလုပ်လုပ်ပေးတဲ့သူလို့ သူ့ကိုယ်သူ ခံယူထားတာပဲဖြစ်ပါတယ်။ တကယ်တော့ ဒီအချက်ဟာ မလွယ်လှပါဘူး။ လူသားတွေဟာ အတ္တကြီးတဲ့သူတွေ ဖြစ်ပါတယ်။ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ ပတ်ဝန်းကျင်လောက်ပဲ ဂရုစိုက်တတ်သူတွေပါ။ ဒါကြောင့်လည်း သူဟာ သူ့ကိုယ်သူ အမြဲလေးစား ဝေဖန်နေရမှာ ဖြစ်သလို မိမိရဲ့ သူများတွေကို ကူညီလုပ်ဆောင်ပေးနေတဲ့ အလုပ်တွေကြောင့် ကမ္ဘာကြီးက သူ့ကို နေ့စဉ်ပြန်ပြီး ကျေးဇူးတင် လေးစားနေတာကို ခံရမှာဖြစ်ပါတယ်။
(၆) နောက်အရေးကြီးတဲ့ အချက်ကတော့ အချိန်ပါပဲ။ လူကြီးလူကောင်းတွေဟာ သူများရဲ့အချိန်ကို လေးစားသလို၊ မိမိရဲ့ အချိန်တိကျမှုကိုလည်း လိုက်နာသူဖြစ်တယ်။ မြန်မာနိုင်ငံမှာရော အချိန်တိကျလေးစားသူတွေ ဘယ်လောက်ရှိသလဲ၊ နိုင်ငံတကာကရော မြန်မာတွေရဲ့ အချိန်အပေါ်မှာ လေးစားလိုက်နာမှုအပေါ်မှာ ဘယ်လိုစံနှုန်းတွေ သတ်မှတ်ထားသလဲ။ ဒီအချက်က စိတ်ဝင်စားဖို့ကောင်းပါတယ်။ အချိန်ကိုတိကျလေးစား တန်ဖိုးထားတဲ့သူဟာ Manager ကောင်း တစ်ယောက်ဖြစ်သလို လူတကာရဲ့ လေးစားခြင်းကိုလည်း ခံရသူဖြစ်ပါတယ်။ ဒါ့အပြင် တပါးသူရဲ့ အချိန်ကိုလဲ လေးစားတန်ဖိုးထားခြင်းပြုရင် လေးစားခြင်းခံရမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလို အချိန်ကိုလေးစားတဲ့ အတွက်လည်း အလုပ်လုပ်တဲ့အခါ၊ စီမံကိန်းတွေချတဲ့အခါ၊ နေ့စဉ်လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ချမှတ်တဲ့အခါ ပိုပြီးအောင်မြင်တာကို တွေ့ရမှာဖြစ်တယ်။ လူကြီးလူကောင်းတွေရဲ့ အရေးကြီးတဲ့ အရည်အချင်းတရပ်ပဲ ဖြစ်ပါတယ်။
(၇) လူကြီးလူကောင်းတွေဟာ (အမျိုးသမီးတွေလည်း ပါပါတယ်) တဦးနဲ့ တဦး Conversation လို့ခေါ်တဲ့ စကားပြောဆို ဆွေးနွေးရတာကို လုပ်လေ့ရှိတယ်။ နားကြပ်ကြီး နားထောင်ပြီး ဖုန်းကြီးကိုပွတ်နေပြီး လူတွေထဲမှာ ခပ်ကြောင်ကြောင် မနေပါဘူး။ အင်္ဂလိပ်လို Introvert လို့ခေါ်တဲ့ ဘာသိဘာသာ နေတာမျိုး၊ ရှက်သလို ကြောက်သလို နေတာမျိုး ကြိတ်ပုန်း မလုပ်ပါဘူး။ လူကြီးလူကောင်းတွေဟာ ပွဲလယ်မှာ တင့်တင့်တယ်တယ် နေတတ်ကြပါတယ်။ လူတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ပြောနေတဲ့ အကြောင်းအရာတွေ၊ မိမိပြောချင်တာတွေကို ဝင်ရောက်ပြောဆို ဆွေးနွေးတတ်ပါတယ်။ ဒီလိုပြောဆိုတဲ့ အခါမှာလည်း နှစ်ဦးနှစ်ဖက် ဒါမှမဟုတ် ပရိတ်သတ်နဲ့ကြားမှာ စိတ်ဝင်တစား ဆွေးနွေးနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်သွားလေ့ ရှိပါတယ်။
(၈) လူကြီးလူကောင်းတွေဟာ အရက်သေစာကို လွန်လွန်ကျူးကျူး သောက်သုံးလေ့ မရှိဘူး။ လူအများနဲ့ သောက်သုံးတဲ့အခါမှာလည်း မူးအောင် လူကြည့်မကောင်းအောင် သောက်လေ့မရှိဘူး။ အထူးသဖြင့် အပြင်ထွက်တဲ့အခါမှာ အရက်ကို အလွန်အကျွံသောက်တာတွေ မလုပ်သလို ပတ်ဝန်းကျင်ကကြည့်ပြီး အထင်အမြင်သေးအောင် မလုပ်ပါဘူး။ ယဉ်ယဉ်ကျေးကျေးပဲ လူကြီးလူကောင်းလို သောက်ပြီး အိမ်ကိုရုံးကို ပြန်လေ့ရှိပါတယ်။
(၉) လူကြီးလူကောင်းတွေဟာ မိမိနဲ့အတူ ပွဲတွေတက်တဲ့၊ အပြင်ကိုထွက်တဲ့ (ချစ်သူဖြစ်ဖြစ် လက်ထပ်ထားသူပဲ ဖြစ်ဖြစ်) သူ့ကို လူပုံအလယ်မှာ အရှက်ကွဲအောင် မလုပ်တတ်ပါဘူး။ သူဟာ Relationship လို့ခေါ်တဲ့ နှစ်ဖက်ဆက်ဆံရေးကို လေးလေးစားစာ တန်ဖိုးထားတယ်ဆိုတာကို လူတွေရဲ့ရှေ့မှာ ပြလေ့ရှိပါတယ်။ မိမိရဲ့ချစ်သူကိုပဲ ဦးစားပေးအလေးထားတယ်။ နှိမ့်ချတယ်ဆိုတာကို အမြဲပြလေ့ရှိပါတယ်။
(၁၀) လူကြီးလူကောင်းတွေဟာ သူတို့ရဲ့အိပ်မက်ကိုတွေကို အကောင်အထည် ဖော်နေကြတာဖြစ်တယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်နေချိန်မှာ သူတို့ရဲ့ ထားရှိတဲ့စံနှုန်းတွေ၊ လောကပါလတရားတွေ၊ မြတ်သောအကျင့်တွေကို ရောင်းစားပြီး၊ လျှော်ပစ်ပြီး၊ မိမိဖြစ်ချင်တာတွေကို အတင်းလောဘတက်ပြီး လုပ်ကိုင်လေ့ မရှိပါဘူး။ ဒီလိုစံနှုန်းတွေကို သူ့ရဲ့ကျင့်စဉ်မှာ ထိပ်တန်းမှာထားလို့ လုပ်ဆောင်တဲ့ အတွက်လည်း အများရဲ့ လေးစားကြည်ညိုခြင်းကို ပိုခံရတတ်ပါတယ်။ သူဟာ မြတ်သောအကျင့်တွေ၊ ကိုယ်ကျင့်တရားတွေကို မစတေးဘဲ အောင်မြင်ချမ်းသာ ကြွယ်ဝအောင် လုပ်နိုင်တဲ့သူ။ ဒါ့အပြင် လူသားတွေကို ပြန်ပြီးအကျိုးပြု ကူညီသူအဖြစ်ပဲ မြင်ကြပါတယ်။ မြန်မာပြည်မှာရော ဒီလို လူကြီးလူကောင်းတွေ ဘယ်နှစ်ယောက် ရှိနေသလဲ။ ခင်ဗျားဟာ မသထာတဲ့ နည်းမျိုးစုံနဲ့ ချမ်းသာသူလို့သိထားရင် လူကြီးလူကောင်း မဖြစ်နိုင်ပါဘူး။ ခင်ဗျားဟာ အဂတိလိုက်စားမှုတွေ၊ မတရားမှုတွေနဲ့ ချမ်းသာကြွယ်ဝလာခဲ့ပြီး လူကြီးလူကောင်း ဖြစ်ချင်ရင် မဖြစ်နိုင်ဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။ လူကြီးလူကောင်း အရေခြုံပဲ ဖြစ်လာလိမ့်မယ်။ တကယ်တော့ လူတွေကို၊ ပတ်ဝန်းကျင်ကို၊ မိမိကိုယ်ကို လိမ်လို့မရပါဘူး။ ဆင်းရဲတဲ့နိုင်ငံတွေမှာ ခင်ဗျားဟာ အရမ်းကို ကြွယ်ဝချမ်းသာလာနေတဲ့ သူဆိုရင် ပိုသတိထားရပါတယ်။ ပတ်ဝန်းကျင်က ခင်ဗျားအကြောင်းကို ခရေစေ့တွင်းကျ သိနေလို့ပါပဲ။ ခင်ဗျားဟာ တရားသောနည်းတွေနဲ့ ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်တယ်၊ အလုပ်ကို တကယ်လုပ်ခဲ့သူဆိုရင်တော့ ခင်ဗျားကို လက်ခံကြမှာ အမှန်ပဲဖြစ်ပါတယ်။ (Bill Gates, Mark Zuckerberg, Warren Buffett, Bernard Arnault, Larry Page, Jack Ma, Jeff Bezos) ဒီလူတွေဟာ ဘိန်းဖြူ၊ လက်နက်မှောင်ခို၊ ဒါမှမဟုတ် ကျောက်စိမ်းခိုးတူးပြီး ချမ်းသာလာခဲ့တာ မဟုတ်ဘူးဆို ကမ္ဘာကြီးက သိပါတယ်။
(၁၁) လူကြီးလူကောင်းတွေဟာ သူတို့ရဲ့ကျန်းမာရေးကို တန်ဖိုးထားတယ်။ သူတို့ရဲ့ ချွေးနံ့အစ ကရုစိုက်တယ်။ လူအများနဲ့ ဆက်ဆံနေတာကိုး။ ပြီးတော့ လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်တယ်။ ဘဝဆိုတာ ဒုလဘ္ဘဆိုတာကို သူတို့ဟာ သိထားတဲ့အတွက် နေရတဲ့ဘဝလေး အချိန်လေးတွေမှာလည်း ဘဝကို ပျော်အောင်နေတတ်ကြပါတယ်။
(၁၂) လူကြီးလူကောင်းတွေဟာ သူတပါးနဲ့ပတ်သက်လာရင် အကောင်းပြောတာများပြီး Gossip လို့ခေါ်တဲ့ အတင်းပြောတာတွေကို ရှောင်တတ်တယ်။ Gossip ပြောတဲ့သူတွေကို မပေါင်းဘူး။ သူများတွေပြောနေပြီဆိုရင်လည်း သူက အဲဒီစကားဝိုင်းကို ရှောင်တတ်တယ်။ ဒါ့အပြင် အဲဒီလို အတင်းပြောတတ်သူတွေ၊ လ ျှို့ဝှက်တတ်တဲ့သူတွေကိုလည်း လူကြီးလူကောင်းတွေက ရှောင်ရှားလေ့ရှိတယ်။ သူဟာ သူ့ရဲ့မိတ်ဆွေ၊ အပေါင်းအသင်းတွေရဲ့ ကောင်းကြောင်း ကောင်းရာ၊ ကောင်းကျိုးကိုပဲ ပြောဆိုလိုလားသူ ဖြစ်တယ်။
(၁၃) လူကြီးလူကောင်းတွေဟာ မတောင်းဆိုဘဲနဲ့ သူများကို အကြံမပေးတတ်ဘူး။ ဘာလုပ်ပါ ညာလုပ်ပါဆိုပြီးတော့လည်း ဆရာကြီးမလုပ်တတ်ဘူး။ ဘာကြောင့်လဲဆိုတော့ လူတိုင်းလူတိုင်းဟာ အကြံပေးရတာကို သဘောကျကြတယ်။ ဒါပေမယ့် သူများပေးတဲ့အကြံကိုတော့ မလိုက်နာတတ်ကြဘူး။ ဒါဆို ဘာလို့အကြံပေးနေမှာလဲ။ သူမှ မတောင်းဆိုတာပဲလို့ လူကြီးလူကောင်းတွေက တွေးတတ်တယ်။
(၁၄) လူကြီးလူကောင်းဆိုပြီး ဟန်ဆောင်လို့ မရပါဘူး။ လူတစ်ယောက်ဟာ သူ့ရဲ့ လင်သား၊ ဇနီးမယားကိုပဲ ဖြစ်ဖြစ်၊ ချစ်သူ သမီးရည်းစားကိုပဲ ဖြစ်ဖြစ်၊ ဒရိုင်ဘာကိုပဲ ဖြစ်ဖြစ်၊ စားပွဲထိုး ကောင်လေးကိုပဲ ဖြစ်ဖြစ်၊ မိမိရဲ့ ဝန်ထမ်းကိုပဲ ဖြစ်ဖြစ်၊ ဘယ်လိုပြောဆို ဆက်ဆံတယ် ဆိုတာကိုကြည့်ပြီး လူကြီးလူကောင်း ဟုတ်မဟုတ် ဆိုတာကိုလည်း အကဲဖြတ်လို့ ရပါတယ်။ လူကြီးလူကောင်း ဖြစ်ကြပါစေ။ ။