အသစ်စက်စက် မင်္ဂလာစုံတွဲ John နဲ့ Phyllis Cook တို့ဟာ အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းယိုးပြည်နယ်မှာရှိတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာမှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ပါတယ်။ ထူးခြားတာကတော့ မင်္ဂလာ ဇနီးမောင် နှံနှစ်ယောက်လုံးဟာ အသက် ၁၀၀ ကျော်အရွယ် အဘိုးအဘွားတွေ ဖြစ်နေတာပါ။
သတို့သား အသစ်စက်စက် အဘိုး John က ဒုတိယကမ္ဘာ စစ်ပြန်တယောက်ဖြစ်ပြီး အသက် ၁၀၀ ပြည့်ပြီးသွားပါပြီ။ သတို့သမီးဖြစ်သူ အဘွားကတော့ သြဂုတ်လထဲမှာ အသက် ၁၀၃ နှစ်ပြည့်ပါတော့မယ်။ အဘွား Phyllis တို့ မျိုးရိုးဟာ အသက်ရှည်ကြလို့ Phyllis ရဲ့အမေဟာဆိုရင် အသက် ၁၀၆ နှစ်ထိ အတူတူ နေထိုင်ခဲ့တာပါ။
သူတို့စုံတွဲဟာ အရင်အပတ်က Marriage License ရခဲ့ကြလို့ ဒီတပတ်မှာ မင်္ဂလာအခမ်းအနား ကျင်းပခဲ့ကြတာ ပါ။ “ဒီလိုဖြစ်လာလိမ့်မယ်လို့တော့ ကြိုတင်စီစဉ်ထားတာမျိုး မရှိပါဘူး။ ဒီနေရာလေးမှာ မင်္ဂလာဆောင်ရအောင်လို့ တွေးလိုက်တော့ ကောင်းတာပဲလို့ စဉ်းစားမိပြီး အခုလို ဆောင်ဖြစ်သွားတာပါ” လို့ John က ဆိုပါတယ်။
မင်္ဂလာဆောင်ကိုလည်း အဆောတလျင် ကျင်းပလိုက်တာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက် ၁ နှစ်ကျော်လောက် တွဲလာပြီးမှ ခုလိုဆုံးဖြတ်ခဲ့တာပါ။ “အမှန်အတိုင်းပြောရရင် ကျမတို့ အသက်အရွယ်မှာ မင်္ဂလာဆောင်ကျင်းပဖို့ ဆိုတာ မလွယ်ကူဘူးလို့ ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမဲ့ ကျမတို့နှစ်ယောက်က တယောက်ကိုတယောက် သိပ်ချစ်ကြတယ်လေ” လို့ Phyllis က ဆိုပါတယ်။
အရင်တုန်းက နှစ်ယောက်လုံး အိမ်ထောင် ၂ ခါကွဲဖူးပြီး တတိယကြိမ်မြောက် လက်ထပ်ခြင်းက ကံကောင်းမှုတခုလို့ ခံယူထားကြပါတယ်။ “တယောက်နဲ့ တယောက် တွဲကြည့်ရင်း လိုက်ဖက်ညီတာတွေ အများကြီးတွေ့လာရတယ်” လို့ John က ဆိုပါတယ်။
မင်္ဂလာဆောင်ပြီး တတိယမြောက်နေ့ ရောက်တဲ့အထိ နေ့စဉ်ဘဝထဲမှာ နှစ်ယောက် အတူတူ လုပ်ကြတာတွေရှိသလို တယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုလည်း အပြန်အလှန် အပြည့်အဝ ပေးထားကြပါတယ်။ “သူက အပေါ်ထပ်၊ ကျမက အောက်ထပ်မှာနေတာဆိုပေမယ့် ဘာပဲလုပ်လုပ် အတူတူ လုပ်ကြတယ်” လို့ Phyllis က သူမရဲ့ ကြင်စဦးနေ့တွေ အကြောင်းကို ပြောပြခဲ့ပါတယ်။
အခုတော့ လက်ထပ်ပြီးခါစ ဘွားဘွားနဲ့ ဘိုးဘိုးဟာ သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ မင်္ဂလာဦး နေ့ရက်တွေကို အတူ ဖြတ်သန်းနေကြပါပြီ။
Ref: CNN
You May Also Like This Story:
ခွေးလေခွေးလွင့်တွေအတွက် အနွေးထည်ချုပ်ပေးတဲ့ အသက် ၈၉ နှစ်အရွယ် အဘွား