မနက်စောစောစီးစီးအချိန် တွန်ကျူးမှုကြောင့် အိမ်နီးချင်းတွေကို ဒေါသထွက်စေခဲ့တဲ့ ပြင်သစ်နိုင်ငံက Maurice ဆိုတဲ့ ကြက်ဖ တကောင်ဟာ တရားရုံးမှာ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်ခံရယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ၊ Oléron ကျွန်းမှာ နေထိုင်တဲ့ အငြိမ်းစား စုံတွဲနှစ်ဦးဟာ ဆူညံသံညစ်ညမ်းမှုနဲ့ အဲ့ဒီ ကြက်ဖကို တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
ကြက်ဖပိုင်ရှင် အမျိုးသမီး Corinne Fesseau ကတော့ သူ့ရဲ့ ကြက်ဟာ ကြက်တို့ သဘာဝအတိုင်း လုပ်ဆောင်ခဲ့တာသာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ ကျွန်းအနောက်ပိုင်းမှာ ရှိတဲ့ Rochefort က တရားရုံးမှာ ပြုလုပ်တဲ့ ကြားနာမှုကိုတော့ ကြက်ဖ Maurice ရော၊ သူ့ကို စွပ်စွဲသူတွေပါ တက်ရောက်ခဲ့တာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဒေသတွင်း နာမည်ကျော် ဖြစ်လာတဲ့ ကြက်ဖဟာ တရားရုံး အဆောက်အဦပြင်ပမှာ စုဝေးနေကြတဲ့ ကြက်ပိုင်ရှင်တွေရဲ့ ထောက်ခံမှုတွေကို ရရှိခဲ့ပါတယ်။
အငြိမ်းစားစုံတွဲ Jean-Louis Biron နဲ့ Joëlle Andrieux တို့ရဲ့ တိုင်ကြားချက်ထဲမှာ သူတို့နှစ်ဦးဟာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက Saint-Pierre-d’Oléron ဆိုတဲ့ ရွာမှာ အားလပ်နားနေလို့ အိမ်လေး တလုံး ဆောက်ခဲ့ပြီးနောက် အဲ့ဒီအိမ်လေးဟာ သူတို့ အငြိမ်းစားယူပြီးတဲ့နောက်ပိုင်း နေထိုင်ရတဲ့ အိမ်လေး ဖြစ်လာတဲ့အကြောင်း၊ သူတို့ အဲ့ဒီဒေသကို ရွေးချယ်လိုက်ရတဲ့ အကြောင်းအရင်း တချက်ကတော့ အဲ့ဒီ ဒေသဟာ တိတ်ဆိတ် အေးချမ်းတာကြောင့်လို့ ဆိုပါတယ်။
ဒါပေမဲ့ အဲဒီ ကြက်ဖလေး Maurice ဟာ ၂၀၁၇ ခုနှစ်ကစလို့ အလွန်အကျွံ တွန်ကျူးတာကြောင့် ပြဿနာတက်ရတာ ဖြစ်တဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။ အဲ့ဒီလို ကြက်ဖသံဟာ နားမခံသာတဲ့အကြောင်း Oléron ကျွန်းမှာ ၃၅ နှစ်ကြာနေထိုင်ခဲ့တဲ့ ကြက်ဖလေးရဲ့ ပိုင်ရှင် မစ္စ Fesseau ကို ပြောခဲ့ပေမယ့် အချင်းများမှုသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
မစ္စ Fesseau နဲ့ ဒေသတွင်းက သူ့ကို ထောက်ခံသူတွေကတော့ ကြက်တွေဟာ သူတို့ကျေးလက်ဒေသမှာ နေထိုင်တဲ့ ဘဝပုံစံအတိုင်း တွန်ကျူးတာသာ ဖြစ်ပြီး ရိုးရှင်းတဲ့ ကိစ္စသာဖြစ်ကြောင်း၊ ကြက်တွေ တွန်တာကို ရပ်တန့်ဖို့ တောင်းဆိုတယ်ဆိုတာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ ကိစ္စသာ ဖြစ်တဲ့အကြောင်း ပြန်လည် ပြောဆိုကြပါတယ်။
ကြက်ဖလေး Maurice နဲ့ ပတ်သက်လို့ လိုအပ်တာတွေကို စဉ်းစားသုံးသပ်ပြီးပြီဆိုရင်တော့ လာမယ့် စက်တင်ဘာလထဲမှာ တရားရုံးက ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
Ref:BBC
You may also like these stories:
စတန့်ပြကွက် ပြုလုပ်ရင်း ရေနစ်သေဆုံးသွားတဲ့ အိန္ဒိယ စတန့်သမား
စိတ်ဖိစီးမှုတွေ လျှော့ချဖို့ နယူးယောက်မြို့ လမ်းမတွေမှာ ဒေါသဖြေ လက်ဝှေ့ထိုးအိတ်များ ထားရှိ
လေယာဉ်ကို အသုံးပြုပြီး ဖွင့်လှစ်မယ့် ရေအောက်ပြတိုက်
ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာတွေကို ကာကွယ်ပေးမယ့် နေ့စဉ်သုံးပစ္စည်းများ