အရည်အသွေးမြင့် ကားတွေ၊ ကွန်ပျူတာတွေ၊ စက်ရုပ်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်မှုပိုင်းမှာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ ဂျပန်နိုင်ငံဟာ သူ့ရဲ့ထုတ်ကုန်တွေနဲ့ အာရှတွင်းနိုင်ငံက ဝယ်လက်တွေကို ဆွဲဆောင်နိုင်တဲ့ နိုင်ငံတနိုင်ငံလို့ ပြောလို့ရပါတယ်။ အခုခါမှာတော့ ကမ္ဘာတဝှမ်းက ကြောင်ချစ်သူတွေအတွက် ရည်ရွယ်ပြီး ကြောင်တကောင် ပုံစံအတိုင်း ပြုလုပ်ထားတဲ့ ချစ်စဖွယ်ကောင်းလှတဲ့ ဖိနပ်အပါးတွေကို ဂျပန် ကုမ္ပဏီတခုကနေ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။
“Nyara Geta” လို့ခေါ်တဲ့ ဂျပန်နိုင်ငံအခြေစိုက် ဖိနပ်ကုမ္ပဏီတခုက ထုတ်လုပ်တဲ့ ဒီဖိနပ်တွေဟာဆိုရင် ဂျပန်နိုင်ငံရဲ့ရိုးရာယဉ်ကျေးမှုကို ပြန်လည် ဆန်းသစ်ထားတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ မူလရိုးရာ ထသွားထလာ စီးနင်းနိုင်တဲ့ သစ်သားခြေစွပ် ဖိနပ်ဒီဇိုင်းတွေကို အခြေခံပြီး စိတ်ကူးရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဂျပန်လူမျိုးအများစုဟာ ကြောင်တွေကို ချစ်မြတ်နိုးတာကြောင့် အခုဖိနပ်ကို “Nyara Geta” လို့ အမည်ပေးထားတာဖြစ်ပြီး Nyara ဆိုတာကတော့ ဂျပန်ဘာသာစကားမှာ “Meow (ညှောင်)”လို့ အဓိပ္ပာယ် ရပါတယ်။
ဒီ Nyara Geta ဖိနပ်ဟာ ထုတ်လုပ်မှု မတိုင်ခင်တည်းက ဂျပန်နိုင်ငံက ကြောင်ချစ်သူတွေကြား ရေပန်းစား နေတာဖြစ်တာကြောင့် ဈေးကွက်ထဲ ရောက်ရှိလာတဲ့အချိန်မှာလည်း အောင်မြင်မှု ရရှိနိုင်မယ်လို့ ကုမ္ပဏီအနေနဲ့ မျှော်လင့်ထားခဲ့ပါတယ်။ ကြောင်တကောင်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ နားရွက်၊ ခန္ဓာကိုယ်နဲ့ အမြီးလေးတွေအတိုင်း ဖိနပ် ဒီဇိုင်းကို ပုံသွင်းထားတာဖြစ်ပြီး ကမ္ဘာ့ချစ်စရာ အကောင်းဆုံး ဖိနပ်ဒီဇိုင်းတွေ စာရင်းမှာ ပါဝင်လာဖို့ကိုလည်း ကုမ္ပဏီဘက်က မျှော်လင့်ထားပါတယ်။
ဂျပန်ယဉ်ကျေးမှုအရတော့ ခြေညှပ်ဖိနပ်တွေကို သစ်သားနဲ့ ပြုလုပ်တာဖြစ်ပေမယ့် အခုဖိနပ်တွေကိုတော့ EVA လို့ခေါ်တဲ့ နူးညံ့တဲ့ ဖော့သားတမျိုးနဲ့ ထုတ်လုပ်ထားတာပါ။ ဒီဇိုင်း ၉ မျိုးနဲ့ ဖန်တီး ထုတ်လုပ်ထားတဲ့ ဒီဖိနပ်တွေကို ပေါ့ပေါ့ပါးပါး ထသွားထလာ စီးနင်းနိုင်ဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းကတော့ ၃၅ ဒေါ်လာခန့် ကျသင့်မှာ ဖြစ်ပါတယ်။
Ref. mysticalraven.com
You may also like these stories:
လေလည်တဲ့အခါ နှင်းဆီနံ့ထွက်စေဖို့ ဆေးတမျိုးတီထွင်လိုက်တဲ့ ပြင်သစ်သိပ္ပံပညာရှင်
ကျား၊ မ တန်းတူ ညီမျှမှုရှိတဲ့ နိုင်ငံများစာရင်းမှာ ဖိလစ်ပိုင်နိုင်ငံ ပါဝင်
ဂင်းနစ် မှတ်တမ်းဝင်တော့မယ့် ကမ္ဘာ့အရှည်ဆုံး Water Slide
ကမ္ဘာ့ကျန်းမာရေး စောင့်ရှောက်မှုစနစ် အကောင်းဆုံး နိုင်ငံများ