ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်တွေကလည်း ပိုပိုမြင့်တက်လာပါတယ်။ အပူချိန် ၂ ဒီဂရီ စင်တီဂရိတ် တိုးလာတိုင်း ပင်လယ်ရေမျက်နှာပြင်က ၅၀ စင်တီမီတာ(၂၀ လက်မ နီးပါး) တိုးတိုးလာလေ့ ရှိပါတယ်။ အဲဒီလို ပင်လယ်ရေမျက်နှာပြင် တိုးတိုးလာတဲ့အတွက်ကြောင့် သက္ကရာဇ် ၂၁၀၀ ခုနှစ်ရောက်လာတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီး ၇ မြို့ဟာ ကမ္ဘာပေါ်က ပျောက်ကွယ်သွားစရာ ရှိနေပါတယ်။
(၁) နယူးအော်လန်မြို့
မစ္စစ္စပီမြစ် တလျှောက်မှာတည်ရှိတဲ့ နယူးအော်လန်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်မြင့် တက်လာမှုကြောင့် ပျောက်ကွယ်သွားနိုင်စရာရှိပါတယ်။ မစ္စစ္စပီမြစ်ဟာ မြောက်အမေရိကတိုက်မှာ ဒုတိယ အရှည်ဆုံးမြစ်ဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာဆိုရင်လည်း စတုတ္ထမြောက် အရှည်ဆုံးမြစ် ဖြစ်ပါတယ်။ မြစ် အရှည်ကတော့ ကီလိုမီတာ ၆,၂၇၅ (မိုင်ပေါင်း ၃,၉၀၂ မိုင်) ရှည်လျားပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ နယူးအော်လန်မြို့မှာ နေထိုင်သူစုစုပေါင်းက ၃၉၁,၀၀၆ ယောက် ရှိခဲ့ပါတယ်။ နယူးအော်လန်မြို့ဟာ အမေရိကန်ပြည်ထောင်စုအတွက် အဓိကကျတဲ့ ဆိပ်ကမ်းမြို့ ဖြစ်သလို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာကျတဲ့ မြို့လည်း ဖြစ်ပါတယ်။
(၂) မိုင်ယာမီမြို့
မိုင်ယာမီမြို့ကတော့ ဖလော်ရီဒါပြည်နယ် တောင်ပိုင်းဒေသတွေမှာ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ ယဉ်ကျေးမှုတွေမှာ အဓိကကျတဲ့ မြို့တမြို့ပါ။ မြေဧရိယာ စုစုပေါင်း ၅၆ စတုရန်းမိုင် ကျယ်ဝန်းပြီး အဲဗားဂလိပ်စ်နဲ့ ဘစ်စ်ကိန်း ပင်လယ်အော်ကြားမှာ တည်ရှိပါတယ်။ မိုင်ယာမီမြို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဆဋ္ဌမမြောက်လူဦးရေ အထူထပ်ဆုံး မြို့တော်ဖြစ်ပြီး ၂၀၁၈ ခုနှစ်စာရင်းအရ ၄၇၀,၉၁၄ ယောက် နေထိုင်ကြပါတယ်။
(၃) ဟူစတန်မြို့
၂၁၀၀ ခုနှစ်မှာ ပျောက်ကွယ်သွားနိုင်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့စာရင်းမှာ ဟူစတန်မြို့လည်း ပါဝင်ပါတယ်။ ဟူစတန်မြို့ဟာ တက္ကဆပ်ပြည်နယ်ရဲ့ လူဦးရေ အထူထပ်ဆုံးမြို့တော်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအတွက်တော့ စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံးမြို့တော် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် စာရင်းအရ လူဦးရေ ၂သန်းကျော် နေထိုင်ကြပါတယ်။ ဟူစတန်မြို့ဟာ Galveston ပင်လယ်အော်နဲ့ မက္ကဆီကိုပင်လယ်ကွေ့အနီးမှာ တည်ရှိပါတယ်။
(၄) အတ္တလန္တစ်စီးတီး
ကမ်းခြေမြို့ ဖြစ်တဲ့ အတ္တလန္တစ်စီးတီးမြို့တော်ဟာ နယူးဂျာစီပြည်နယ်မှာရှိပြီး ပင်လယ်ရေ မျက်နှာပြင်အောက် နစ်မြှုပ်သွားနိုင်တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
(၅) ဘော်စတွန်မြို့
ဘော်စတွန်မြို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရှေးကျတဲ့မြို့တော်ပါ။ မြေဧရိယာ အကျယ်အဝန်းက ၄၈ စတုရန်းမိုင်ကျယ်ဝန်းပြီး ၂၀၁၈ ခုနှစ် စာရင်းတွေအရဆိုရင် လူဦးရေ ၆၉၄,၅၈၃ ယောက် ရှိပါတယ်။ ဒါကြောင့်လည်း နယူး အင်္ဂလန်ပြည်နယ်မှာတော့ လူဦးရေ အထူထပ်ဆုံး မြို့တော် ဖြစ်ပါတယ်။
ဘော်စတွန်မြို့ကိုတော့ ၁၆၃၀ ခုနှစ်မှာ အင်္ဂလန်နိုင်ငံကနေ လာရောက် နေထိုင်ကြတဲ့ ပြူရီတန်တွေက Shawmut ကျွန်းဆွယ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ ပြူရီတန်ဆိုတာကတော့ ခရစ်ယာန်ဂိုဏ်းကွဲ တခုဖြစ်တဲ့ အင်္ဂလိပ် ပရိုတက်စတင့် ဂိုဏ်းဝင်တွေပဲ ဖြစ်ကြပါတယ်။
၂၁၀၀ ခုနှစ်မှာ နောက်ထပ် ပျောက်ကွယ်သွားနိုင်တဲ့ နေရာတွေကတော့ Charleston မြို့နဲ့ ဗာဂျီးနီးယားကမ်းခြေပါ။
Ref: johnenglander.net, en.wikipedia.org
You may also like these stories:
ကမ္ဘာလှည့်ခရီးသွားတွေ မဲပေးရွေးချယ်ခဲ့တဲ့ အာရှတိုက်ရဲ့ အလှဆုံးနေရာများ
ကမ္ဘာတဝှမ်းက ယာဉ်ကြောပိတ်ဆို့မှု အများဆုံးနိုင်ငံများ
ဇူလိုင်လမှာ ခရီးထွက်လို့ ကောင်းတဲ့ နိုင်ငံများ