Robert Kiyosaki ဆိုတဲ့ သူဌေးကြီးက ကမ္ဘာကျော် စာအုပ် ၁ အုပ်ဖြစ်တဲ့ “Rich Dad Poor Dad” ကို ၁၉၉၇ ခုနှစ်က ရေးသား ထုတ်ဝေခဲ့ဖူးပါတယ်။ ဒီစာအုပ်ဟာ အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ဖြန့်ချိခဲ့ရတဲ့ စာအုပ်ပါ။ အမေရိကန်နိုင်ငံသား Robert Kiyosaki ဟာ သူ အထက်တန်းကျောင်း တက်နေစဉ်ကာလတုန်းက ကျောင်းသင်ခန်းစာတွေမှာ စီးပွားရေး၊ ကြီးပွားရေး၊ ငွေရှာနည်းကို မသင်ကြားပေးတဲ့ ကိစ္စကို စူးစမ်းရင်းနဲ့ နောက်ပိုင်းမှာ ဒီစာအုပ်ကို ရေးဖြစ်ခဲ့တာပါ။
သူဟာ ဟိုတယ် စီးပွားရေးမှာ စွမ်းဆောင်ရှင်၊ စွန့်စားခဲ့သူတစ်ဦးဖြစ်ပြီး Real Estate ခေါ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကျောင်းစာသင်ခန်းက သင်ပေးတဲ့ ပညာရေးစနစ်ဟာ ဝန်ထမ်းတယောက်ဖြစ်ဖို့ ဒါမှမဟုတ် ဆရာဝန်၊ အင်ဂျင်နီယာ၊ အထူးသုတေသန ပြုလုပ်သူတစ်ယောက် ဖြစ်ဖို့လောက်ပဲ သင်ပေးတာဖြစ်ပြီး “ချမ်းသာကြွယ်ဝတဲ့နည်းကို သင်ပေးတာ မဟုတ်ပါဘူး။ ကျောင်းပညာရေး စနစ်ဟာ ခင်ဗျားတို့ကို ချမ်းသာစေချင်တာ မဟုတ်ဘူး၊ ဆင်းရဲစေချင်တာပါပဲ”လို့ သူ့ရဲ့စာအုပ်မှာ ရေးသားခဲ့သူ ဖြစ်ပါတယ်။
ဆင်းရဲတဲ့သူတွေဟာ၊ လခစားဝန်ထမ်းတွေဟာ နေ့စဉ်လိုလို သူတို့ရဲ့လခလေးနဲ့ ဘယ်လို လုံလောက်အောင် ဖြတ်သန်းမလဲဆိုတဲ့ စိတ်ကူးထောင်ချောက်နဲ့ပဲ နေတဲ့အတွက် အမြဲဆင်းရဲနေမှာပဲလို့ သူက ဆိုထားပါတယ်။ သူတို့ရဲ့ ဘဝမှာ “မဖြစ်နိုင်ဘူး”၊ “မတတ်နိုင်ဘူး”၊ “အချိန် မရှိဘူး”၊ “ပိုက်ဆံ မရှိဘူး”၊ “မလုပ်နိုင်ပါဘူး” ဒီလိုအတွေးတွေနဲ့ပဲ ချာလပတ် လည်နေတဲ့အတွက် သူတို့ဟာ အဲဒီအတွေးတွေရဲ့ ကျွန်လက်ပါးစေ ဖြစ်သွားပြီး ဘယ်သောအခါမှ ဆင်းရဲတွင်းက မကျွတ်လွတ်နိုင်ဘူးလို့ Robert Kiyosaki က ထောက်ပြပါတယ်။ ဒါကြောင့်လည်း ဒီလူတွေဟာ ဆင်းရဲကြတာလို့ ဆိုပါတယ်။
ချမ်းသာကြွယ်ဝချင်တဲ့သူကတော့ “ငါဘယ်လိုတတ်နိုင်အောင် စွမ်းဆောင်မလဲ”၊ “ငါဘယ်လို လုပ်ဆောင်ရမလဲ” လို့ မေးခွန်းထုတ်လေ့ရှိပါတယ်။ ဒီလိုမေးတဲ့အတွက်လည်း မင်းရဲ့လမ်းစတွေကို ဖွင့်ပေးလိုက်ပါတယ်။ “မလုပ်နိုင်ပါဘူး”၊ “မတတ်နိုင်ပါဘူး” လို့ တွေးတဲ့သူကတော့ ဒီအတွေးနဲ့ပဲ သူ့ရဲ့စိတ်ကို တံခါးပိတ်လိုက်တာပဲ ဖြစ်ပါတယ်။ မင်းရဲ့ အတွေးအခေါ်မှာလည်း ချမ်းသာကြွယ်ဝတဲ့ သူတွေဟာ မကောင်းပါဘူး။ မကောင်းဆိုးဝါး မသမာသူတွေပါပဲလို့ တွေးနေရင် ပိုက်ဆံနဲ့ ကြွယ်ဝမှုဟာလည်း မင်းဆီကို တံခါးခေါက်ပြီး ရောက်လာမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မင်းကိုယ်တိုင်က ကြွယ်ဝမှုကို ဆန့်ကျင်နေလို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆင်းရဲတဲ့မိသားစုထဲမှာ မွေးဖွားခဲ့ပြီး အဲဒီ ဆင်းရဲတဲ့အတွေးအခေါ်တွေ၊ “မဖြစ်နိုင်ဘူး”၊ “မတတ်နိုင်ဘူး” ဆိုတဲ့ အကြောက်တရားတွေနဲ့ နေမယ်ဆိုရင် သင်ဟာ ဘယ်တော့မှ ချမ်းသာသူ ဖြစ်လာမှာဟုတ်ဘဲ ဆင်းရဲတဲ့သူဘဝနဲ့ပဲ နေသွားရမှာ အသေအချာပဲလို့ သူက ပြောဆိုထောက်ပြပါတယ်။ သူတို့ဟာ ဆင်းရဲတာကိုပဲ ကံကိုပုံချတယ်။ ပတ်ဝန်းကျင်က မှားနေသလိုလို ပြောတတ် အပြစ်တင်တတ်ကြတယ်။ ဒါပေမယ့် သူတို့ကိုယ်သူတို့ သူတို့ရဲ့စိတ်ကို ပြင်ဖို့မစဉ်းစားဘူးလို့ Robert Kiyosaki က ဝေဖန်ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် အဲဒီ ဆင်းရဲတဲ့သူတွေဟာ အမှားလုပ်ရမှာ၊ စွန့်စားရမှာကိုလည်း ကြောက်ကြတယ်၊ စိုးရိမ်ကြတယ်လို့ သူက ဆိုပါတယ်။
Robert Kiyosaki ဟာ အခု အမေရိကန်သမ္မတ ဖြစ်နေတဲ့ Donald Trump ရဲ့ မိတ်ဆွေ တဦးပါ။ ဒါပေမယ့် သမ္မတ Donald Trump လောက်တော့ မချမ်းသာပါဘူး။ သူ့ရဲ့ ဘဝမှာလည်း အနိမ့်၊ အမြင့်တွေ ကြုံခဲ့တယ်။ ဆင်းရဲ၊ ချမ်းသာ နှစ်မျိုးလုံး ကြုံခဲ့ဖူးသလို ဒေဝါလီခံခဲ့ရတဲ့ အကြိမ်တွေလည်း ကြုံခဲ့ရပါတယ်။ ဒါပေမယ့် သူပြန်ပြီးရုန်းထပြီး အောင်မြင်အောင် ပြန်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆင်းရဲဇာတာ ပါသူတွေကတော့ ဒီလို စွန့်စားရတာကို ကြောက်ကြတယ်။ ဒါကြောင့်လည်း သူတို့ဆင်းရဲတာ မဆန်းပါဘူးလို့ သူက ဆိုပါတယ်။
“ဆင်းရဲတဲ့သူတွေဟာ တခုခုကို စွန့်စားလုပ်ကိုင်လိုက်လို့ ကျရှုံးသွားတာမျိုး ကြားဖူးပါသလား”လို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။ “ဘယ်ကြားဖူးမှာလဲ၊ သူတို့မှ စွန့်စွန့်စားစား ဘာမှ မလုပ်တာ၊ သူတို့က ဘာမှမဖြစ်အောင် ကာကွယ်ပြီး သူတို့ရဲ့ ဘဝထဲမှာပဲ ဒီလိုပဲ ဖြစ်သလို နေကြတာကိုး”လို့ သူက ပြောပြပါတယ်။
ဒီလို အတွေးအခေါ်တွေ သင်ခန်းစာတွေကို ကျောင်းတွေမှာ ကတည်းကစပြီး သင်ကြားပေးသင့်တယ်လို့ သူက ဝေဖန်ထောက်ပြပါတယ်။ ဒီလို စီးပွားရေးနဲ့ပတ်သက်ပြီး စွန့်စားတီထွင်ရမှာတွေ၊ ကျောင်းပြီးသွားရင် ကြုံရမယ့်လက်တွေ့ဘဝရဲ့ အပေါင်းအနှုတ်တွေ၊ စီးပွားရေးနဲ့ ဘောဂဗေဒ အကြောင်းတွေ၊ ရှောင်ရန်ဆောင်ရန်တွေကို သင်ပေးမှ ပညာရေးစစ်တာလို့ Robert Kiyosaki က ဝေဖန်ထောက်ပြခဲ့ပါတယ်။ လူတွေချမ်းသာအောင် ကြီးပွားတိုးတက်အောင် လိုတယ်လို့ သူက စေတနာနဲ့ ထောက်ပြခဲ့တာပါ။
တချို့က ပြောကြတယ် “ပိုက်ဆံက ငါ့အတွက် အရေးမကြီးဘူး”၊ “ငါတော့ ပိုက်ဆံကို ဂရုမစိုက်ဘူး”။ အဲဒီလိုပြောတဲ့ စကားတွေဟာ ခင်ဗျားရဲ့ ခန္ဓာကိုယ် အသွေးအသား ဖြစ်သွားပြီး ပိုက်ဆံကလည်း ခင်ဗျားကို “အရေးမကြီးဘူး”၊ “ဂရုမစိုက်ဘူး” လို့ ဖြစ်သွားတာပဲလို့ သူက ဆိုပါတယ်။
ဒါကြောင့် ကျောင်းသင်ခန်းစာတွေမှာ “ငါးဖမ်းနည်းကို သင်ပေးတာ အကောင်းဆုံးပဲ”လို့ သူက ဆိုပါတယ်။ စားဖို့ ငါးမရှိတဲ့သူတွေကို ငါး ၁ ကောင် လှူဒါန်းလိုက်တာထက်စာရင် ငါးကို ဘယ်လိုဖမ်းရတယ်ဆိုတာ သင်ပေးဖို့လိုတယ်လို့ သူက ဝေဖန်ထောက်ပြခဲ့ပါတယ်။
“အခုသင်နေတဲ့ ပညာရေးက ပညာရေးကိုဆန့်ကျင်တဲ့ Anti-Education ကြီးပါ”လို့ သူက ခပ်ပြတ်ပြတ်ပဲ ဝေဖန်ဖူးပါတယ်။ ။
You may also like these stories:
လူချမ်းသာတွေရဲ့ နေ့စဉ် အကျင့်ကောင်း ၇ ချက်
လူချမ်းသာတွေ လိုက်နာတဲ့ ပိုက်ဆံချွေတာနည်းများ