အသက် ၆၁ နှစ်အရွယ်၊ Ettore Weber အမည်ရှိတဲ့ ကျားထိန်းသမား တဦးဟာ ဇူလိုင်လ ၄ ရက်နေ့က ကျား ၄ ကောင် ကိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။ အီတလီနိုင်ငံ တောင်ပိုင်း၊ Triggiano မြို့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျား ၁ ကောင် စကိုက်ပြီးနောက် ကျန်တဲ့ ၃ ကောင်ကလည်း ဝင်ရောက် ကိုက်သတ်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံသတင်းဌာနတွေရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ အခြား ဆပ်ကပ်အဖွဲ့ဝင်တွေ ရောက်မလာခင်အထိ ကျားတွေဟာ အဲဒီအမျိုးသားရဲ့ ခန္ဓာကိုယ်ကို လှောင်အိမ်အတွင်း ထည့်သွင်း ဆော့ကစားနေခဲ့ပါတယ်။ ကျားထိန်းသမားကတော့ ကျားကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပါတယ်။
Ettore Weber ဟာ အီတလီနိုင်ငံရဲ့ နာမည်အကြီးဆုံး ဆပ်ကပ်လေ့ကျင့်ရေးသမား တဦးဖြစ်ပြီး Orfei ဆပ်ကပ်နဲ့ လက်တွဲ အလုပ်လုပ်နေသူလည်း ဖြစ်ပါတယ်။ သူဟာ “Animal Park” လို့ အမည်ရတဲ့ အစီအစဉ်တခုအတွက် ကျားတွေကို လေ့ကျင့်ပေးနေစဉ် အခုလို အကိုက်ခံခဲ့ရတာပါ။ အဲဒီ အစီအစဉ်ကို ကမ္ဘာလှည့် ပြသလေ့ရှိပြီး ပြပွဲ မပြသခင် ၁ နာရီအလိုမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
အခုလို တိုက်ခိုက်ခံရတာဟာ ကျားထိန်းသမားက ကျားတွေကို သူတို့ လုပ်နိုင်တာထက် ပိုပြီး ခိုင်းစေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံ ရဲဌာနက ဆိုပါတယ်။ ကျားတကောင် စကိုက်တဲ့ အချိန်မှာ အခြားကျားတွေကပါ ဝင်ပြီး ကိုက်တာကြောင့် ကျားတွေကြားမှာရှိတဲ့ ဆက်နွယ်မှုကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ကျားတွေက အကောင်ရေများပြီး ထိန်းကျောင်းသူက တဦးတည်း ဖြစ်နေတာကြောင့် ကျားထိန်းကျောင်းသမားဘက်က အခွင့်မသာနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ ဆပ်ကပ်သမားတွေက ဆိုပါတယ်။
ကျားတွေဟာ သွေးနံ့ကို ရတဲ့ အခါ စိတ်ထိန်းနိုင်ဖို့ ခက်ခဲသွားတာတွေကြောင့် အခုလို ဝိုင်းပြီး ကိုက်ကြတာ ဖြစ်ပါတယ်။ ဆပ်ကပ်ရဲ့ တာဝန်ရှိသူ တဦးက “ဒီကျားတွေဟာ သူတို့ရဲ့ လုပ်ဆောင်ချက်ကို မှတ်မိနေမှာပါ။ သူတို့ ၄ ကောင်ကို ဆာဖာရီဥယျာဉ်ကို ပို့ပြီးတဲ့ နောက်ပိုင်းမှာလည်း ခွဲပြီး ထားမှ အဆင်ပြေပါလိမ့်မယ်”လို့ ပြောပါတယ်။
အဲဒီ ကျား ၄ ကောင်ကိုတော့ ဆာဖာရီဥယျာဉ်ကို ရွှေ့ပြောင်းလိုက်ပြီလို့ ဒေသခံသတင်းဌာနက ပြောပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ ဆပ်ကပ်ပွဲတွေမှာ အသုံးပြုမှုတွေကို ဥရောပနိုင်ငံ ၂၀ အပါအဝင် ကမ္ဘာ့နိုင်ငံ ၄၀ ကျော်က တားမြစ်ပိတ်ပင်ထားပေမယ့် အီတလီနိုင်ငံကတော့ တောရိုင်းတိရစ္ဆာန်တွေကို အသုံးပြုပြီး ဆပ်ကပ်ပြခွင့် ရှိနေသေးတဲ့ နိုင်ငံ ၁ နိုင်ငံဖြစ်ပါတယ်။
Ref. BBC , news.com.au
You may also like these stories:
မိချောင်းစာဖြစ်သွားတဲ့ ၂ နှစ်အရွယ် ကမ္ဘောဒီးယား ကလေးငယ်လေး
စတန့်ပြကွက် ပြုလုပ်ရင်း ရေနစ်သေဆုံးသွားတဲ့ အိန္ဒိယ စတန့်သမား