ဂျပန်နိုင်ငံမှာ ငါးဖမ်းသင်္ဘောတွေကို ဝေလငါးဖမ်းခွင့်ကို ပြန်လည်ပေးလိုက်ပြီလို့ သိရပါတယ်။ ဂျပန် ပင်လယ်ပြင်မှာ ကျက်စားတဲ့ ဝေလငါးတွေထဲက Bryde’s နဲ့ Sei ဝေလငါးတွေကို တရားဝင် ဖမ်းခွင့် ပြန်လည် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဂျပန်တွေဟာ စီးပွားဖြစ် ဝေလငါး ဖမ်းခြင်းကို ၁၉၈၆ ခုနှစ်ကတည်းက ရပ်နားထားတာ ဖြစ်ပေမယ့် ယခု၊ ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ တရားဝင် ဖမ်းဆီခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
ဝေလငါး အကောင်ရေနည်းပါးလာခြင်းကြောင့် ၁၉၈၅ ခုနှစ်က စပြီး အပြည်ပြည်ဆိုင်ရာ ဝေလငါးဖမ်းဆီးရေး အဖွဲ့အစည်း (IWC – International Whaling Commission) က ဝေလငါးသတ်ဖြတ်မှုကို လျော့ချဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ IWC အဖွဲ့ဝင် နိုင်ငံအားလုံးဟာ ဝေလငါးဖမ်းဆီးခြင်းကို ဆန့်ကျင်ဖို့ ကတိကဝတ်ပြုထားပေမယ့် ဂျပန်နိုင်ငံကတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ဒီသဘောတူညီမှုကို ဖျက်သိမ်းတော့မှာ ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။
ရပ်နားထားတဲ့ နှစ် ၃၀ ကာလအတွင်းမှာလည်း ဂျပန်နိုင်ငံဟာ ဝေလငါးဖမ်းဆီးမှုကို ထိရောက်အောင် အရေးယူခြင်းတွေ မရှိခဲ့တာကြောင့် ဝေလငါးဖမ်းဆီးမှုကို တားမြစ်ထားတဲ့ ကြားကာလအတွင်းမှာလည်း တရားမဝင် ဝေလငါး ဖမ်းဆီးမှုပေါင်း ၁၇,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ အခုလို ဝေလငါးဖမ်းခြင်းကို ပြန်လည် ခွင့်ပြုပြီးတဲ့နောက်မှာ မျိုးဆက်သစ်တွေအနေနဲ့ ဝေလငါးဖမ်း ပညာကို သင်ကြားခွင့်ရတော့မယ်လို့ ငါးဖမ်းသူတွေက ပြောပါတယ်။
ဂျပန်နိုင်ငံ ဝေလငါးဖမ်းဆီးရေး အသင်းငယ်တခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Yoshifumi Kai ကတော့ “ကျနော် အရမ်းပျော်ပြီး စိတ်လှုပ်ရှားရပါတယ်။ ဒါဟာ ပိုကောင်းတဲ့ အရွေ့ဖြစ်လိမ့်မယ်”လို့ ပြောပါတယ်။
ငါးဖမ်းသမား တဦးကတော့ “ကျနော့်မွေးရပ်မှာ ဒေသခံတွေ ဝေလငါး ဖမ်းလာတာ နှစ် ၄၀၀ ကျော်ပြီဗျ။ ခုကျနော်တို့ မျိုးဆက်မှာ တရားဝင် ပြန်ဖမ်းရတော့မယ်ဆိုတာ ကြားတော့ အရမ်း စိတ်လှုပ်ရှားနေတယ်”လို့ BBC သတင်းဌာနကို ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ဝေလငါးထိန်းသိမ်းရေး အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ဖြစ်သူ Nicola Beynon ကတော့ “ဒီနေ့ဟာ ကမ္ဘာလုံးဆိုင်ရာ ဝေလငါး ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်တော့ ဝမ်းနည်းစရာနေ့ပါပဲ”လို့ ပြောပါတယ်။
အခုဆိုရင် ဂျပန်နိုင်ငံဟာ အိုက်စ်လန်၊ နော်ဝေး စတဲ့ နိုင်ငံတွေလိုပဲ အပြည်ပြည်ဆိုင်ရာက တားမြစ်ထားတဲ့ စီးပွားဖြစ် ဝေလငါး ဖမ်းဆီးမှုကို မလိုက်နာတဲ့ နိုင်ငံဖြစ်သွားပြီ ဖြစ်ပါတယ်။ ဝေလငါး ဖမ်းဆီးခြင်းကို ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၃၀၀၊ ၄၀၀ ခန့်ကတည်းက ပြုလုပ်ခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာတော့ ဝေလငါး ဈေးကွက်ဟာ ပျက်စပြုနေပြီ ဖြစ်ပါတယ်။
Ref. BBC.com
You may also like these stories:
ဂျပန်နိုင်ငံ ရောက်ရင် မဖြစ်မနေ မြည်းစမ်းသင့်တဲ့ ပင်လယ်စာ ၁၀ မျိုး
သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ကြတဲ့ ထာဝရ အသက်ရှင်နိုင်ကြတဲ့ သတ္တဝါ ၅ မျိုး
၂၀၅၀ မှာ ပလတ်စတစ် အန္တရာယ်ကို ရေနေသတ္တဝါတွေ ပိုကြုံတွေ့နိုင်
ရေထဲ ပြုတ်ကျသွားတဲ့ ဖုန်းကို ကောက်ယူပေးခဲ့တဲ့ ဝေလငါး