ဖင်လန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့အဆင့် Wife Carrying ပြိုင်ပွဲမှာ လစ်သူရေးနီးယားနိုင်ငံက စုံတွဲက ပထမဆု ဆွတ်ခူးသွားပါတယ်။ ကိုယ့်အမျိုးသမီးကို ထမ်းပြီး အခက်အခဲတွေကြား ပြေးလွှားကျော်ဖြတ်ရတဲ့ ပြိုင်ပွဲမှာ ဒီစုံတွဲက တခြားစုံတွဲတွေကို ဖြတ်ကျော်ပြီး အနိုင်ရခဲ့တာပါ။ ပထမဆုအတွက် ဆုကြေးကတော့ ဇနီးသည်ရဲ့ ကိုယ်အလေးချိန်နဲ့ ညီမျှတဲ့ ဘီယာရမှာပါ။
Vytautas နဲ့ ဇနီးသည် Neringa တို့က ၂၇၈ ကိုက်နီးပါး ပြိုင်ပွဲလမ်းကြောင်းကို ၁ မိနစ် ၆ ဒဿမ ၇၂ တည်းနဲ့ ဖြတ်ကျော်နိုင်ခဲ့တာပါ။ သူတို့ကို စက္ကန့်ပိုင်းအကွာနဲ့ အရှုံးပေးလိုက်ရသူတွေကတော့ ၆ ကြိမ်ဗိုလ်စွဲထားတဲ့ ဖင်လန်နိုင်ငံက စုံတွဲပါ။
ကမ္ဘာ့အဆင့်ပြိုင်ပွဲ ဖြစ်တာနဲ့အညီ သြစတြေးလျ၊ ပြင်သစ်၊ ဂျာမနီနိုင်ငံက စုံတွဲပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဖင်လန်နိုင်ငံ မြို့တော် ဟယ်လင်စကီးရဲ့ အနောက်ဘက် မိုင် ၃၀၀ အကွာ Sonkajarvi မြို့လေးမှာ နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။
စည်းမျဉ်းတွေကတော့ အတူယှဉ်ပြိုင်မယ့် ဇနီးသည်ဟာ အသက် ၁၇ နှစ်အထက် ရှိရမှာဖြစ်သလို ကိုယ်အလေးချိန် အနည်းဆုံး ၁၀၈ ပေါင် ရှိရပါမယ်။ ပြိုင်ပွဲခေါင်းစဉ်အတိုင်းပဲ အကယ်၍ ယှဉ်ပြိုင်ချင်တဲ့ အမျိုးသားဟာ အိမ်ထောင်ဘက် မရှိဘူးဆိုရင် တခြားသူရဲ့ အမျိုးသမီးကို အငှား အသုံးပြုလို့ရတယ်လို့ ပွဲတာဝန်ရှိသူတွေက စည်းကမ်းချက် ထုတ်ထားပါတယ်။
ဒီပြိုင်ပွဲဟာ ဖင်လန်နိုင်ငံရဲ့ ၁၉ ရာစုမှာ ရှိခဲ့တဲ့ ဒဏ္ဍာရီတခုကို အစွဲပြုပြီး ကျင်းပလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ အခုဆိုရင် Wife Carrying Championship ပြိုင်ပွဲကို ဖင်လန်နိုင်ငံတင် မဟုတ်တော့ဘဲ သြစတြေးလျ၊ ပိုလန်၊ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတွေမှာပါ ကျင်းပလာကြပါပြီ။ တရုတ်နိုင်ငံမှာတောင် ပြည်တွင်း Wife Carrying ပြိုင်ပွဲကို လာမယ့်သြဂုတ်လာမှာ ကျင်းပပြီး အနိုင်ရသူဟာ ၂၀၂၀ ဖင်လန်နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ပွဲမှာ ကိုယ်စား ပြုသွားရောက် ယှဉ်ပြိုင်ခွင့်ရမယ်လို့ ကြေညာထားပါတယ်။
ပြိုင်ပွဲ စတင်တည်ထောင်သူ Eero Pitkanen က “ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကိုက ပြိုင်ပွဲတလျှောက် ပျော်ပျော်ပါးပါး ယှဉ်ပြိုင်ကြဖို့ပါ။ ဆုရသူကိုတော့ သူထမ်းပြေးတဲ့ ဇနီးသည်ရဲ့ ကိုယ်အလေးချိန်အတိုင်း ဘီယာပမာဏ ထည့်ပေးလိုက်မှာပါ။ ဒါကြောင့် “မင်း အမျိုးသမီး ပိုဝလေ၊ ဘီယာပိုရလေပဲပေါ့”လို့ သူက အရွှန်းဖောက်လိုက်ပါသေးတယ်။
Ref: India Today
You May Also Like These Stories:
လေးတွေကို မကောင်းဆိုးဝါး အန္တရာယ်ကနေ ကင်းဝေးစေဖို့ ပြုလုပ်လေ့ရှိတဲ့ စပိန်နိုင်ငံက ပွဲတော်
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ရေခဲပွဲတော်နဲ့ Snow World ပွဲတော်
စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပနေတဲ့ Pokemon Carnival ပွဲတော်